spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်အတွင်း သေဆုံးသူ ၇၃ ဦးအထိ ရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် လက်ရှိ ( ဇွန်လ ၂၇ ရက်နေ့) အချိန်ထိ ကရင်နီပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ပြည်သူ ၇၃ ဦး ရှိနေပြီဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)မှ ပြုစုထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်မှုနဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အများစုသေဆုံးခဲ့ကြရပြီး စစ်ဘေးရှောင်ကူညီကယ်ဆယ်သူများ၊ စစ်ရှောင်စခန်းမှာ ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးခဲ့ရတဲ့ ကလေးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်အလိုမရှိတဲ့အကြောင်း ဆန္ဒပြကြရာမှ စစ်ကောင်စီရဲ့ ပစ်ခတ်မဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရတဲ့စာရင်းအပါအဝင် PKPF မှလက်လှမ်းမှီသမျှ ပြုစုထားတဲ့ သေဆုံးစာရင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုမှာ ဒီမော့ဆိုမြို့နယ်က ပြည်သူတွေဖြစ်ကြပြီး လွိုင်ကော်၊ ဘောလခဲ၊ ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့၊ ဖယ်ခုံမြို့နယ်တို့မှ ဒေသခံတွေ ဖြစ်ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့ပြည်သူ ၁၀၀ ကျော်ရှိနေပြီး ဧပြီလအတွင်းက လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းမှ ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်သင်တန်းမှ ပြန်လာသူများဟု စစ်ကောင်စီက ယူဆကာ ဖမ်းဆီးခံရခြင်း၊ စစ်အာဏာရှင်စနစ် အလိုမရှိတဲ့အကြောင်း ဆန္ဒပြရာမှ ဖမ်းဆီးခံရခြင်း၊ နေအိမ်ထိ အကြောင်းမဲ့ လာရောက်ဖမ်းဆီးခံရခြင်း၊ စစ်ရှောင်ပြည်သူရိက္ခာအတွက် ကူညီရင်း ဖမ်းဆီးခံရခြင်း၊ CDMလုပ်သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၅ရက်နေ့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်ခတ်ရပ်ဆိုင်းတယ်လို့ ကြေညာထားပေမယ့်လည်း စစ်ကောင်စီဖက်ကနေ ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း စစ်ရှောင်အများဆုံးနေထိုင်တဲ့ ကျေးရွာအုပ်စုတွေမှာ တပ်အင်အားထပ်မံဖြည့်တင်းထားပြီး စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းတာတွေ ကျေးရွာအတွင်း တပ်စွဲထားတာတွေ ပြုလုပ်လျက်ရှိပြီး ကရင်နီ-ရှမ်းနယ်စပ်တွေမှာလည်း တပ်အင်အားတိုးချဲ့ထားတယ်လို့ သိရပါတယ်။

ယာယီအပစ်ခတ်ရပ်ထားတဲ့ အတောအတွင်းမှာလည်း ဒီမော့ဆိုမြို့နယ်အတွင်း အကြောင်းမဲ့ ပစ်သတ်ခံရပြီး ပုပ်ပွသေဆုံးနေတဲ့ ရုပ်အလောင်း အများအပြားတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသွားရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts