spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီကို အပြီးသတ်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ကနေ ဖွဲ့စည်းတဲ့ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဌနဲ့ ဒုဥက္ကဌကို ခန့်အပ်ပြီးစီးပြီးဖြစ်တဲ့အတွက် မတ်လအတွင်းမှာ အဲဒီကောင်စီကို အပြီးသတ်ဖွဲ့စည်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌကနေ ကရင်နီပြည်တွင်းမှာ လိုအပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကနေတဆင့် လိုအပ်တဲ့ ဆွေးနွေးမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အုပ်ချုပ်ရေးကောင်စီရဲ့ ကော်မတီတွေကို ဖွဲ့စည်းဖို့ဆိုတာက အရင်အဟောင်းတွေက ဘာတွေလုပ်ထားသလဲ နောက်ပြီးတော့မှ လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။ ဘာတွေလိုအပ်နေသလဲဆိုတာကို ကျနော်တို့ အရင်ဆုံး အခုက တွေ့ဆုံဆွေးနွေးပွဲတွေ အရင်စလုပ်နေတယ်လေ။ တွေ့ဆုံဆွေးနွေးပွဲတွေ စလုပ်မှပဲ ကျနော်တို့ နောက်ကော်မတီတွေပြန်ဖွဲ့တဲ့အချိန်မှာ လူမှန်နေရာမှန်ပြန်ပြီးတော့မှ ရောက်မယ် နောက်ပြီးတော့မှ တကယ့်ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ ကျနော်တို့ လုပ်နိုင်မှာဖြစ်တယ်။” လို့ သူက ပြောပါတယ်။

ဒီဖွဲ့စည်းမှုအပြီးမှာ KSCC ရဲ့ မဟာဗျူဟာတွေကို ရေးဆွဲမှာဖြစ်ပြီး လုပ်ငန်းအကောင်ထည်ဖော်မယ့်အစီအစဉ်တွေ ထပ်မံရေးဆွဲအကောင်ထည်ဖော်မယ်လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

KSCC ရဲ့ ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ကာ အင်အားစု ၆ခု ပါဝင်တဲ့ KSCCအဖွဲ့ဝင် (၁၁)ဦးကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဝင် ၁၁ ဦးထဲကနေ အလုပ်အမှုဆောင်အဖွဲ့ (၇) ဦးကို ရွေးချယ် အတည်ပြုခဲ့ကြပါတယ်။

ဒီလိုမျိုး ကရင်နီပြည်မှာ အုပ်ချုပ်ရေးတွေ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍာတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတာဟာ ဖယ်ဒရယ်ရဲ့ ပုံစံစနစ်တွေကို စတင်ကျင့်သုံးနေတာဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်လိုလားနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့ လက်တွေ့ကျကျ ကျင့်သုံးလိုက်တာပဲဖြစ်တယ်။ အဲဒီတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျကျ ကျင့်သုံးလိုက်တာဖြစ်တဲ့အတွက် ကျနော်တို့က ပြည်ထောင်စုထဲက ခွဲထွက်သွားတာမဟုတ်ဘူး။ ပြည်ထောင်စုထဲက ပြည်နယ်ရဲ့ ရပိုင်ခွင့် ကျနော်တို့ကျင့်သုံးပိုင်ခွင့် အခွင့်အရေးကို ကျနော်တို့ စပြီးတော့ ကျင့်သုံးတာပဲလို့ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်တာပေါ့။” လို့ သူက ပြောပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီး နှစ်နှစ်အတွင်းမှာ KSCC အတွင်းပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၊ ကယန်းပြည်သစ်ပါတီ နဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) တို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်နှုတ်ထွက်သွားခဲ့ကြပါတယ်။

spot_img
spot_img