spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကုမ္ပဏီအစုအဖွဲ့ ၁ဝ ခုက  ပြည်နယ်၌ ကဏ္ဍ ၅ ခုတွင်  ရင်းနှီးမြုပ်နှံရန် အဆိုပြုတင်ပြ

Author

Date

Category

လင်းသန့်

ကယားပြည်နယ်ရင်းနှီးမြှပ်နှံမှုဖိုရမ်ကျင်းပပြီးနောက် ကုမ္ပဏီအစုအဖွဲ့ ၁ဝ ခုက ကယားပြည်နယ်အတွင်း  ကဏ္ဍ ၅ ခုတွင်  ရင်းနှီးမြုပ်နှံရန် ပြည်နယ်အစိုးရထံ တွေ့ဆုံအဆိုပြုတင်ပြသည်။

ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ မေလ ၂ရ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရုပ်ရှင်ရုံလုပ်ငန်း၊ အလှဆင်ကျောက်ထုတ်လုပ်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် သတ္တုတွင်းကဏ္ဍတို့တွင် ရင်းနှီးမြှပ်နှံရန် ပုဂ္ဂလိကကုမ္ပဏီများက စိတ်ဝင်စားနေသည်။

ကုမ္ပဏီ(၂)ခုက လွိုင်ကော်မြို့အတွင်း ရုပ်ရှင်ရုံလုပ်ငန်းဆောင်ရွက်ရန်၊ ကုမ္ပဏီ(၃)ခု မာဘယ်ကျောက် ထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ရန်၊ ကုမ္ပဏီ (၁)ခုက ပွန်ချောင်း Advendure Tourism အပန်းဖြေစခန်းတည်ဆောက်ရန်၊ ကုမ္ပဏီ (၁)ခုက နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ကိုင်ရန်၊ ကုမ္ပဏီ (၂)ခုက ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန်နှင့်ကုမ္ပဏီ(၁)ခုက သတ္တုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်  လိုလားနေသည်။

ရုပ်ရှင်ရုံလုပ်ငန်း

ဦးနေလင်းနှင့် ဒါရိုက်တာ ဝိုင်း(Feel & Touch Co,Ltd)နှင့် ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ( ရွှေဆင့်ဆင့် ကုမ္ပဏီ)တို့က ပြည်နယ်အတွင်း ရုပ်ရှင်ရုံလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒပြုသည်။

အထူးသဖြင့် ရုပ်ရှင်ရုံ မရှိသေးသည့် ဒေသများတွင် ရုပ်ရှင်ရုံ တည်ဆောက်နိုင်ရေး၊ ရုပ်ရှင်ရုံအား အသေး၊ အကြီး အခန်း(၂)ခု တွဲ၍ တည်ဆောက်သွားမည်ဖြစ်ကာ ကြိုက်နှစ်သက်ရာ ဇာတ်ကားများ ကြည့်ရှုနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း၊ ရုပ်ရှင်ရုံနှင့် တွဲဖက်ပြီး Snack Bar နှင့် ကလေးကစားကွင်းများ ထည့်သွင်း ဆောင်ရွက်သွားမည်ဟု ၎င်းတို့က ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း

 Ardent Alliance Co., Ltd ကမူ ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း ပွန်ချောင်း၏ သဘာဝအလှအပကို အသုံးပြု၍ Tourist များ အထူး စိတ်ဝင်စားစေမည့်Advendure Tourism အပန်းဖြေစခန်း တည်ဆောက်သွားမည့် အစီအစဉ်ကို တင်ပြသည်။

မကြာမီကာလအတွင်း ဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကွင်းဆင်းစစ်ဆေး တင်ပြသွားရန် အစိုးရက လမ်းညွှန်မှာကြားခဲ့သည်။

အလှဆင် မာဘယ်ကျောက်ထုတ်လုပ်ခြင်း

ကယားပြည်နယ်၊ လွိုင်ကော် ကျောက်ပြားစက်ရုံသည် တစ်ချိန်က ပြည်နယ်၏ အထင်ကရတွင် ပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် လုပ်ငန်းရှင်အများစုမှာ မာဘယ် ကျောက်အား စနစ်တကျ အသုံးပြုခြင်းမျိုးမဟုတ်ဘဲ လမ်းခင်းရန် မိုင်းခွဲခြင်းများသာ အသုံးပြုနေကြောင်း ကုမ္ပဏီများမှ တင်ပြသည်။

အဆိုပါ မာဘယ်ကျောက်များအား စနစ်တကျ ပြန်လည် လေ့လာပြီး နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကျန်ရှိသော ကုမ္ပဏီများက ဟိုတယ်လုပ်ငန်း ဖော်ဆောင်ခြင်း၊ သတ္တုလုပ်ငန်း ဆောင်ရွက်ရန်အတွက် အခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။

ဌာနဆိုင်ရာများနှင့်အတူ မြေပြင်ကွင်းဆင်းလေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားရန် အစိုးရနှင့် သဘောတူညီမှုများ ရရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဖြင့် ဖော်ဆောင်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး တိုးတက်မှုအခြေအနေများအား သက်ဆိုင်ရာ ဝန်ကြီးနှင့် ဌာန တာဝန်ရှိသူများမှ ၁ ပတ်လျှင် ၁ ကြိမ် တင်ပြဆောင်ရွက်သွားရန် ပြည်နယ်အစိုးရက ညွှန်ကြားခဲ့သည်။

spot_img
spot_img

Recent posts