spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ကြွက်ဖျက်ဆီးမှုကြောင့် ရွှေ့ပြောင်းတောင်ယာစပါး အထွက်နည်း

Author

Date

Category

သိုးကလေး / ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက စပါးနှံတွေကို ကြွက်ကိုက်ဖြတ် ဖျက်ဆီးခဲ့တာကြောင့် စပါးအထွက်နှုန်း နည်းနေကြတယ်လို ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သူတွေက ပြောကြပါတယ်။

စက်တင်ဘာလအတွင်း စပါးနှံ စတင်ထွက်ရှိလာတဲ့ အချိန်မှာပဲ ကြွက်တွေဝင်ရောက်ကာ စပါးပင်နဲ့ စပါးနှံတွေ ကိုက်ဖြတ်ခဲ့တဲ့အပြင် မိုးများတဲ့အတွက် စပါးပင်အများစု ပျက်စီးမှုနဲ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ရွေ့ပြောင်းတောင်ယာ စပါးခင်းကို ကြွက်ဖျက်ဆီးမှုမရှိခဲ့သလို အထွက်နှုန်းကောင်းခဲ့တယ်လို့ ပြောပါတယ်။

ယခုနှစ် မိုးများတာကြောင့် ပေါင်းပင်မရှင်းနိုင်တဲ့အတွက် ကြွက်ဖျက်ဆီးမှု များခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကြွက်ကတော့ မြက်တောကြီးတော့ ရှာရတာလည်း ခက်တယ်။ ကြွက်ကိုက်တော့ အထွက်နှုန်း တော်တော် လျော့သွားတယ်၊ ဒီဖက်တစ်ကြောကတော့ ဒေသခံတွေ ပိုလုပ်များတာပေါ့။ တော်တော်တော့ စိုက်ပျိုးကြတယ် ဒါပေမယ့် စပါး အပင်သေကုန်တယ်၊ မိုးများလို့လားတော့ မသိဘူး။”လို့ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ယခုနှစ် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သူ အများစုဟာ စပါးတစ်ခုထဲကိုသာ စားဝတ်နေရေးအတွက် အားထားစိုက်ပျိုးခဲ့တာကြောင့် အထွက်နှုန်းလျော့နည်းတဲ့အတွက် ရေရှည်စားဝတ်နေရေး စိုးရိမ်ပူပန်သူလည်း ရှိနေပါတယ်။

“ကျမက စပါးတစ်ခုပဲလုပ်တယ်။ ဒီတစ်နှစ်ဆို ကြွက်လည်း ပိုကိုက်တယ်၊ ဒီတစ်နှစ် မြက်တအားထူတယ်လေး။ ကျမ ကျန်းမာရေးမကောင်းတော့ ပေါင်းမရှင်းနိုင်ဘူး။” လို့ ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖရူဆို အနောက်ခြမ်းမှာရှိတဲ့ ဒေသခံ အများစုဟာ ဆန်စပါးကို ဦးစားပေးအနေနဲ့ လုပ်ကိုင်ကြပြီး ယခုနှစ်မှာတော့ စီးပွားဖြစ် နနွင်းစိုက်ပျိုးသူတွေလည်း ရှိလာကြတယ်လို့ သိရပါတယ်။

လက်ရှိ ဖရူဆို အနောက်ဘက်ခြမ်းမှာ ရိုးရိုးပုလဲသွယ် ဆန်တစ်အိတ်ဈေးနှုန်းဟာ ကိုးသောင်းငါးထောင်ကျပ် ဖြစ်ပြီး တခြား အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း ဈေးမြင့်တက်နေတယ်လို့ ဒေသခံထံကနေ သိရှိရပါတယ်။

spot_img
spot_img
spot_img

Recent posts