spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်စုံတစ်ရာ သဘောတူညီချက်ရဖို့ ကြိုးစားနေတယ်လို့ KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်စုံတစ်ရာ သဘောတူညီချက်ရဖို့ ကြိုးစားနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး( ၂ ) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ ဒီနေ့ဒီအချိန်က စစ်ရေးအရလည်း စစ်တပ်ထဲမှာပေါ့နော။ ကစဉ့်ကလျားဖြစ်နေတာတွေရှိတယ်။ သူတို့ အချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲနေတာတွေရှိတယ်။ နောက်ပြီးတော့မှ စစ်ရေးအရလည်း သူတို့ ဆုံးရှုံးနေတာတွေအများကြီးရှိတယ်။ ဆိုတော့ သူတို့ဘက်က စစ်ကောင်စီဘက်က သူတို့လုပ်ရမယ့်ဟာက စစ်ရေးအရ စီမံချက်နဲ့ နိုင်ငံရေးအရ စီမံချက်နှစ်ခုကို သူတို့ Parallel လုပ်ဖို့ လိုနေတယ်လို့ ကျနော်ထင်တယ်။ အဲ့တာကြောင့်မလို့ စစ်ရေးအရကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ အပစ်အခတ်ရပ်ပြီးတော့ သဘောတူညီချက်တစ်ခု လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မလို့ ဖေဖော်ဝါရီလ ၁၂ရက်နေ့တုန်းကလည်း သူတို့က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ကြားပြီးတော့မှ ပြည်ထောင်စုနေ့ အခမ်းအနား ဆိုပြီးတော့မှ သူတို့က တက်ရောက်ဖို့ ဖိတ်ခဲ့တာဖြစ်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

စစ်ကောင်စီက လာမယ့် မတ်လ ၂၇ရက်နေ့မှာ ၇၇ကြိမ်မြောက် တပ်မတော်နေ့ကို နေပြည်တော်မှာ ကျင်းပဖို့စီစဉ်နေပြီး NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အပြင် လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မတ်လ ၂၃ရက်နေ့ နေ့ခင်းပိုင်းအထိ NCAလက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို တရားဝင်ဖိတ်စာပေးပို့ခြင်းမရှိသလို တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ KNPP ကတုန့်ပြန်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို အခမ်းအနားဖိတ်ကြားပြီး အာဆီယံရဲ့ မူ၅ချက်အရ နိုင်ငံတကာကို ပြသဖို့ကြိုးစားနေတယ်လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

“ နိုင်ငံရေးအရလည်း အာဆီယံက တွေ့ဆုံဆွေးနွေးမှုအပိုင်းမှာ ဖိအားပေးပြောဆိုနေတဲ့ အပိုင်းတွေ ရှိနေတော့။ အာဆီယံရဲ့ မူ၅ချက်အရ ဆိုတော့ ဒီလို ဆွေးနွေးလိုက်ခြင်းဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံလိုက်တယ်။ ဆွေးနွေးလိုက်ခြင်းဖြင့် ဒါကလည်း နိုင်ငံတကာမှာလည်း သူတို့က ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာကို နိုင်ငံတကာကိုလည်း သံတမန်ရေးအရ တစ်ဖက်တစ်လှမ်းကနေ ပြနေတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် သူတို့ ဖိတ်တဲ့ အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သွားတက်ရောက်ရေးက သူတို့အတွက် အရေးပါတယ်လို့ အရေးကြီးတယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ သေသေချာချာ စဉ်းစားဖို့လိုတယ်။ ဒီနေ့ကတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားထက် ကျနော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ဆုံးဖြတ်သင့်တယ်လို့ အဲ့တာလေးပါပဲ။ “ လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီတပ်မတော်(KA) တို့က အဓိက တော်လှန်တိုက်ခိုက်နေပါတယ်။
ကရင်နီပြည်က ဒေသခံ နှစ်သိန်းနီးပါးဟာလည်း အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းနေပေမယ့် တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများက ဆွေးနွေးဖို့ ငြင်းဆိုနေကြပါတယ်။

spot_img
spot_img

Recent posts