ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ထဲက ပန်တိန်းကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ရွာလုံးကျွတ်ပြာကျသွားခဲ့တယ်လို့ ကရင်နီပြည်တပ်မတော်ထံကနေ သိရှိရပါတယ်။
နိုဝင်ဘာလအတွင်းက တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ကနေ တပ်မဆုတ်ခင်ကတည်းက တစ်ကြိမ်ကို တစ်လုံး၊ နှစ်လုံးစီ မီးရှို့ရာကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။
“တရွာလုံးပြာကျတာတော့ ဟုတ်တယ်။ ၁၉၊ ၂၀ နိုဝင်ဘာလလောက်မှာ။ သူတို့က
(စစ်ကောင်စီ) က တစ်ရက်နည်းနည်းစီး ရှို့တယ်လေ။ အိမ်သာဘဲ ကျန်တာပေါ့။ မှန်ပါတယ် အဲ့ဒါက။” လို့ KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။
မယ်စဲမြို့နယ်၊ ပန်တိန်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ မယ်စဲ့မြို့နယ် လဝကရုံး စာရင်းအရ သိရှိရပါတယ်။ ပန်တိန်းကျေးရွာ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မယ်စဲ့မြို့အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
“စစ်ရှောင်တာကတော့ နယ်စပ်ဖက်ကိုဘဲ လာမှာပေါ့။ ၁၄ တို့ဖက်မှာ တချို့ နယ်စပ်ဖက်မှာ တချို့ အရှေ့ဖက်ကမ်းကို တချို့ လာမယ်ထင်တယ်။ အခုတော့ နေစရာမရှိတော့ဘူးပေါ့။ တရက်နည်းနည်း ရှို့တယ်လေ၊ နောက်ဆုံး ၁၉ ရက် ၂၀ ရက်နေ့မှာ ထပ်ရှို့တော့ ကုန်သွားတာပေါ့။ ၂၀၂၃ ၊ ၁၁ လပိုင်း မှာလေ။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ပြီး နေရာချတပ်စွဲထားတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာရှိသလို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ ၊ စာသင်ကျောင်းတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။
အရပ်ဖက်အဖွဲ့အစည်းများရဲ့ လက်လှမ်းသမျှ စာရင်းအရ အရေအတွက် ကွာဟမှုတွေ ရှိနေပေမယ့် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ကရင်နီတပြည်လုံးရဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ အနည်းဆုံး တစ်ထောင့်ငါးရာနဲ့အထက် ရှိနေပါတယ်။ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံပေါင်း တစ်ထောင့်ငါးရာကျော် ရှိနေတယ်လို့ သိရပါတယ်။