spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ယနေ့အထိ တကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပါတယ်။ အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ကလည်း ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ မိုးဗြဲ PDF (၁၀၀၁)တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ကတော့ တတ်နိုင်သမျှ ကျနော်တို့ သိမ်းရခဲ့တဲ့ နယ်မြေတွေတော့ တစ်လက်မတောင် ပြန်မပေးနိုင်ဘူးပေါ့။ ကျနော်တို့ကတော့ အစွမ်းကုန် ပြန်ခုခံနေတယ်။ လက်ရှိ မိုးဗြဲမှာရှိနေတဲ့ မိုးဗြဲ PDFနဲ့ KNDF ဒေသခံတပ်ရင်းတွေတော့ အစွမ်းကုန်ခုခံနေတယ်။ “လို့ မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သြဂုတ်လကစလို့ အင်အား ၅၀၀ ပါတဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းက ရှမ်းပြည်နယ် ပင်‌လောင်းမြို့ကနေ ဖယ်ခုံမြို့၊ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာခဲ့တာပါ။

တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် လူထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။

တိုက်ပွဲအတွင်း မိုးဗြဲ နဲ့ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးပစ်ကူရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အခုလိုပြောပါတယ်။

“မိုးဗြဲဖက်မှာတော့ စစ်ကောင်စီ ဖက်ကတိုက်ခိုက်နေတာရှိပါတယ်။ မိုးဗြဲ အခြေစိုက် ၄၂၂ တပ်ကော ဖယ်ခုံ အခြေစိုက်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်လာတာမျိုးဖြစ်ပါတယ်။ “လို့ တာအယ်စိုးက ဆိုပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် ခမရ(၄၂၂) ကျန်ရှိနေပြီး ဖယ်ခုံမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်ရင်း နှစ်ခုဖြစ်တဲ့ ခမရ (၃၃၆) ၊ ခမရ (၄၂၁) နဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ( စကခ ) တို့ အခြေစိုက်ထားပါတယ်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားသုံးတိုက်ခိုက်နေပြီး မိုးဗြဲမှတဆင့် လွိုင်ကော်မြို့ဖက်ကို စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“လက်ရှိမိုးဗြဲအခြေအနေကျတော့ စစ်ရေးကတင်းမာနေတာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုကတော့ သူတို့ တောက်လျှောက်တော့ လုပ်နေတာတော့တွေ့ရတယ်။ သူတို့ ထိုးစစ်ဆင်နိုင်ဖို့အတွက်ပေ့ါ။ ထိုးစစ်ပြန်ဆင်နိုင်ဖို့ ကျနော်တို့ ၁လေးလုံးမစ်ရှင်ကနေ စပြီးတော့ ကရင်နီပြည်တကြောမှာ တိုက်ပွဲဖြစ်နေတဲ့ ကျနော်တို့ သိမ်းရခဲ့တဲ့နေရာတချို့တွေကို သူတို့ ပြန်သိမ်းရဖို့တော့ အကြိမ်ကြိမ် ကြိုးစားနေတာတော့ တွေ့ရတာပေ့ါနော်။”လို့ မိုးဗြဲ PDF(၁၀၀၁) တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကာကွယ်နိုင်ဖို့ ၊ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကို တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းနဲ့ KNDF တပ်ရင်း(၃) တို့ကနေ “စုပေါင်းကူညီထောက်ပို့ကျည်” သိန်း(၅၀၀၀)Campaign ကို ပြုလုပ်နေတာရှိပါတယ်။ အဲ့ဒီကမ်ပိန်းဟာ နိုဝင်ဘာလ(၁၅)ရက်ကနေ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ (၄၅)ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မိုးဗြဲ PDF(၁၀၀၁) တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက တောင်းဆိုထားပါတယ်။

မိုးဗြဲမြို့နဲ့ အနီးအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ကြာမြှင့်နေပြီဖြစ်ပြီး တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်တဲ့ ၁ လေးလုံးစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့က မိုးဗြဲ၊ ဖယ်ခုံဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာဖြစ်တဲ့ ဝါရီဆူးပလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း-၃၊ ပွဲကုန်း-၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား-၂ ၊ စက်တော်ရာ တောင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့ပြီး မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts