spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်းက ၁၅ ရက်အတွင်း တိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှုရှိ၊ စစ်ကောင်စီဖက် ၃ပွင့်အဆင့် ဗိုလ် တစ်ဦးလည်း ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ၊ KAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ်အထိ ရှိနေပြီဖြစ်ပါတယ်။ မတ်လ ၉ရက်နေ့ကနေစပြီး စစ်ကောင်စီ စစ်ကြောင်း ၃ကြောင်းထိုးလာတာဖြစ်ပြီး ဘောလခဲဖက်ကနေ စစ်ကြောင်းထိုးလာတာရှိသလို စံပြ ခြောက်မိုင်ဖက်ကနေ စစ်ကြောင်းထိုးလာတာလည်း ရှိနေတာဖြစ်ပါတယ်။

၂ပတ်အတွင်း တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိနေပြီး စစ်ကောင်စီဖက်က ၃ပွင့် အဆင့်ရှိ ဗိုလ်တစ်ဦးလည်း ကျဆုံးတာရှိတယ်လို့ KNDF တပ်ရင်း ၉က သတင်းထုတ်ပြန်ထားတာရှိပါတယ်။

“ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီးသို့ စစ်ကြောင်း ၃ ကြောင်း (ခန့်မှန်းအင်အား ၃၀၀ ဝန်းကျင်ခန့်)ဖြင့်စစ်ကြောင်းထိုးလာသော (စကစ)တပ်နှင့် မိမိတို့ KNDF B-09နှင့် KA,KNDF ပူးပေါင်းတပ်တို့ 15ရက်ဆက်တိုက် ယနေ့(21-3-2023)ထိတိုင် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲအတွင်း ၃ ပွင့်အဆင့်ရှိ ဗိုလ်တစ်ဦး အပါအဝင်တပ်သား အတော်များများ ထိခိုက် ကျဆုံးမှုများရှိခဲ့ပြီး အချို့သော ရုပ်အလောင်းများကို ဖြစ်သလို စွန့်ပစ် ဖုံးအုပ် မြေမြုပ်ထားလျှက်ရှိပါသည်။ တိကျသော အရေအတွက်ကိုမူ မထုတ်ပြန်နိုင်သေးပါသော်လည်း စကစ မှာ အထိနာလျက်ရှိနေပါသည်။ ” လို့ KNDF တပ်ရင်း ၉က ရေးသားထုတ်ပြန်ထားပါတယ်။

ယမန်နေ့(မတ်လ ၂၁ရက်နေ့) မှာလည်း ဒေါတမကြီးအုပ်စုဖက်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီဖက်က ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်လေယာဉ်၂စင်းနဲ့ ၆ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဖက် ရဲဘော်တစ်ဦး ကျဆုံး၊ ၂ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိပြီး စစ်ကောင်စီဖက်က အထိနာပေမယ့် ထိခိုက်သေဆုံးမှု စာရင်းကို မသိရှိရဘူးလို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများတာကြောင့် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်တာဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“ လေယာဉ်နဲ့ လာပစ်တယ်ဆိုတော့ အကျအဆုံးများလို့ပဲ သူတို့က လာရောက်ပြီးတော့မှ လေယာဉ်နဲ့ ပစ်ကူတာဖြစ်မယ်လို့ အဲလိုပဲ သုံးသပ်တယ်။ ထိခိုက်ကျဆုံးမှုတော့ များတယ်လေ။ များလို့ပဲ သူတို့က လေယာဉ်နဲ့လာပစ်တာပေါ့။ “ လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် စစ်ကြောင်း ၃ကြောင်း ခန့်မှန်း အင်အား ၃၀၀ လောက်တဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ၁၅ရက်အထိ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားသေဆုံးမှု ၂၀ ဦးကနေ ၃၀ဦး အထက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုထားတာရှိပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုဖက်ကလည်း ထိခိုက်မှု၊ ကျဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့မှာလည်း လွိုင်ကော်ဖက်ကနေ ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကားတွေ ထပ်ဆင်းလာနေတာရှိပြီး ထိတွေ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် လက်နက်ခဲယမ်း၊ ရိက္ခာလိုအပ်လျက်ရှိနေတဲ့အတွက် ကရင်နီတော်လှန်ရေးအင်အားစုအသီးသီးကို ဝိုင်းကူကြဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။

ဓါတ်ပုံ – KNDF တပ်ရင်း (၉)
spot_img
spot_img

Recent posts