ကန္တာရဝတီတိုင်း(မ်)
မေလ (၁၄)ရက်နေ့ကနေ ဒီကနေ့(မေလ ၂၂)ရက်အထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ တောင်ပေါ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ၉ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက မေလ ၁၇ ရက်နေ့ကစပြီး ဒီကနေ့အထိ ၆ရက်ဆက်တိုက် လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လေကြောင်းကနေ ပွိုင့် 5နဲ့ ပစ်ခတ်တိုက်ခိုက်သလို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးသီးတွေ အသုံးပြုတိုက်ခိုက်နေတာြဖစ်ပါတယ်။
“ ဒီမနက်အစောကြီး ၄နာရီဝန်းကျင်လေယာဉ်လာသေးတယ်။ ဒီအပတ်ထဲမှာ လေယာဉ်က ၁၀ ခေါက်လောက် လာပစ်သွားပြီ။ လူကတော့ သိပ်မထိပါဘူး။ ဟိုးဖက်(စစ်ကောင်စီ) အကျဆုံးတော့ မသိဘူး ကျတော့ ကျမှာပဲလေ။ သူ့ဟာ လေယာဉ်မှာတင်တဲ့ သေနတ်က ပွိုင့် 5ပေါ့။ နောက်ပြီးတော့မှ ပေါင် ၅၀၀ တန်လေးတဲ့ဗုံးသီးတွေချတယ်။ “ လို့ ကရင်နီပြည်အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာအပြင် အနီးနားကျေးရွာတွေထဲကိုလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း နဲ့ နေအိမ် (၁၁) လုံး ထိခိုက် ပျက်စီးသွားတာရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက် ပေးပို့ချက်အရ သိရပါတယ်။
“ သူတို့ ပုံမှန်လာတာက မနက်အစောပိုင်းပေါ့နော လူတွေ အိပ်မောကျနေတဲ့အချိန် မနက် ၃နာရီခွဲ ၄နာရီဝန်းကျင် ဒါမှမဟုတ်လို့ရှိရင်လည်း ညနေပိုင်း ၆နာရီဝန်းကျင်လောက်လာတယ်။ ဒီကြားထဲမှာ အရေးပေါ်ရင် ပေါ်သလို နေ့ခင်းပိုင်း တိုက်ပွဲပြင်းထန်တယ်ဆိုလို့ရှိရင် တိုက်ပွဲနေရာတွေမှာ လာကြဲတာရှိတယ်။ ကျေးရွာတွေမှာ လာကြဲတာရှိတယ်။ “ လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်တွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေလည်း နေ့စဉ်လုပ်ဆောင်နေတယ် လို့ သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းတွေရဲ့ ထုတ်ပြန်ချက်အရ ရဲဘော် ၃ဦး ကျဆုံးပြီး စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။