spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရဲသီးအထွက်နှုန်းနည်းတဲ့အတွက် ဖရဲစိုက်တောင်သူတချို့ အမြတ်အစွန်းမရကြ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စိုက်ပျိုးရောင်းချတဲ့ ရာသီပေါ် ဖရဲသီး အထွက်နှုန်းနည်းတဲ့အတွက် အမြတ်အစွန်းမရရှိကြဘူးလို့ ဖရဲသီးစိုက်တဲ့တောင်သူတွေက ပြောပါတယ်။

ဖရဲသီးစိုက်တဲ့ တောင်သူအများစုဟာ မိသားစုဝမ်းရေးအတွက် စစ်ရှောင်ရင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြတာဖြစ်ပြီး စိုက်ပျိုးနည်းပညာကို တခြားသူတွေစိုက်ပျိုးတဲ့ ပုံစံအတိုင်း လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ နည်းစနစ်ကျကျ စိုက်ပျိုးနည်း မသိတာကြောင့် အပင်မသန်တာ၊ အပင်မပေါက်တာတွေ ကြုံတွေ့ရတာကြောင့် အမြတ်ငွေ မရရှိဘူးလို့ ဖရဲသီးစိုက်တဲ့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးလှစမ်းက ပြောပါတယ်။

” အခုအချိန်က ဖရဲသီးကနည်းနည်းရှားတယ်လေနော်။ အလုံးကြီးရင် ငါးထောင် နည်းနည်း အလုံးလတ်ရင် လေးထောင်၊ သုံးထောင်၊ နှစ်ထောင် အစားစားပေါ့။ အဲ့လိုပဲရောင်းသွားတာပေါ့။ ဖရဲသီးစိုက်ကတည်းက နည်းစနစ်က သိပ်မမှန်ဘူး လုပ်တဲ့ပုံစံ မကျဘူးပေါ့နော။ ကိုယ့်ကိုယ်လုပ်တော့ နည်းစနစ်မမှန်တော့ အပင်ပေါက်တဲ့ အလုံးနည်းတယ်။ အလုံးတော့ ကြီးတယ် အလုံးလှတယ်။ ဒါပေမဲ့ အပင်ပေါက်တာ နည်းတယ်။ ရင်းနှီးထားတာနဲ့ အခု အထွက်နှုန်းနဲ့ဆိုရင်တော့ အရင်းလောက်ပဲ ကျေမယ်ထင်တယ်။ ဒီတခြံလုံးပေါ့။ ” လို့ ဦးလှစမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်းမှာ ဒေသခံအပြင် စစ်ရှောင်တွေဟာ ဖရဲသီးကို စတင်စိုက်ပျိုးကြပြီး ၃လအကြာမှာတော့ ခူးဆွတ်ရောင်းချနေကြပြီ ဖြစ်ပါတယ်။ ဖရဲသီးအရွယ်အစားအပေါ် မူတည်ပြီး တစ်ထောင်ကျပ်မှ ငါးထောင်ကျပ်အထိ ဈေးနှုန်း အသီးသီးရှိတယ်လို့ သိရပါတယ်။

ဖရဲသီးစိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် အမြတ်ငွေ မရရှိဘဲ အရှုံးပေါ်တာလည်း ရှိတယ်လို့ စစ်ရှောင်ရင်း ဖရဲသီးစိုက်ပျိုးတဲ့ ဒေါ်ခင်သန်းက ပြောပါတယ်။

“အရင်နှစ်ထက်စာရင် ရှုံးတာပေါ့။အရင်နှစ်ဆို အလုံးကြီးတယ်ကော မိုးတအားမိတယ်ကော တစ်ခေါက်နှစ်ခေါက် စိုအောင်မိုးရွာတယ်။ နောက်အပင်က သန်တယ်လေ။ ဒီနှစ်က မိုးတခါ မမိဘူးလေ။ အပင်လဲမသန်ဘူး။ ဒီနှစ်က ရေလောင်းလဲလာင်းတယ် တကုန်လောင်းတယ်။ ဒါပေမဲ့အဲ့မျိုးဖြစ်တာ။” လို့ သူက ပြောပါတယ်။

စစ်ရှောင်ကာလအတွင်း အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာ ရရှိမှု နည်းပါးလာတာကြောင့် စစ်ရှောင်တွေဟာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို ဦးတည် လုပ်ကိုင်လာကြတာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာ၊ သင်တန်းတွေ လိုအပ်နေတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။

ဖရဲသီးကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာလေးရွာနဲ့ နေရာအနှံ့အပြားမှာ စိုက်ပျိုးထားကြပြီး ဧကပေါင်း ၂၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ တစ်ဧက ကို ခန့်မှန်းခြေ ကုန်ကျစရိတ် ၅သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img