spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့ ရှမ်းဝမ်အောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ဇူလိုင်လ (၂၁)ရက်နေ့မှာ စစ်ကောင်စီတပ်က ဖားဆောင်းမြို့ ရှမ်းဝမ်အောင်းကျေးရွာကို  နံနက် (၆)နာရီဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် ရှမ်းဝမ်အောင်းကျေးရွာအတွင်းရှိ ဒေသခံတွေရဲ့နေအိမ် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” လက်နက်ကြီးကလေ တစ်နေကုန် တရစပ်မရပ်မနား ပစ်တော့လေ ရွာတွေအိမ်တွေအကုန်လုံးပေါ့ အိမ်လုံးကျွတ် ရွာလုံးကျွတ်  မီးလောင်တယ်ပေါ့။” လို့ သူက ဆိုပါတယ်။

ရှမ်းဝမ်အောင်းကျေးရွာက ဒေသခံ ပြည်သူတွေဟာ ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်သူ ရှိနေခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းထပ်ထိုးလာတဲ့အတွက် လက်ရှိမှာ ဒေသခံအားလုံး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်မှ နံနက် (၆)နာရီကနေ နေ့လည်ခင်း (၁)ခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေ
ပစ်ခတ်ခဲ့သလို ညနေပိုင်း(၃)နာရီမှ (၆)နာရီထိ သေနတ်သံကို ကြားနေရတယ်လို့  ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ထိခိုက်သေဆုံးမှုကိုတော့ ကန္တာရဝတီတိုင်း( မ် )မှ သီးခြားအတည်မပြုနိုင်သေးပါဘူး။

spot_img
spot_img