spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

“ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကနေ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်း(DEPRESSION) “ကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက နေရာဒေသတချို့မှာ မိုးရွာသွန်းနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

“ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကနေ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်း(DEPRESSION) “ကြောင့် လာမယ့် နိုဝင်ဘာလ ၂၈၊၂၉ နဲ့ ၃၀ ရက်တွေမှာ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက နေရာဒေသတချို့တွေမှာ မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

ကရင်နီပြည်က နေရာတချို့မှာ ၀.၆လက်မ မိုးရွာသွန်းနိုင်ပြီး မိုးများတဲ့အနေအထားကို မတွေ့ရှိဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

“ မိုးရွာနိုင်မယ့် အနေအထားတော့ရှိတယ်။ ဒါပေမဲ့ မိုးများနိုင်တဲ့အနေအထားတော့မရှိပါဘူး။ မိုးဖွဲဖွဲ ရွာတဲ့အနေအထားပဲရှိပါမယ်။” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အဆိုပါ ဖြစ်‌ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာမဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတချို့မှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နဲ့ နေရာကွက်ပြီး မိုးများနိုင်မယ့်အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီပြည်ဟာ အခြားသော ပြည်နယ်တွေထက် အအေးဒဏ်မပိုနိုင်ဘူးလို့ ဦးဝင်းနိုင်က အခုလို ဆက်ပြောပါတယ်။

“လောလောဆယ် နိုဝင်ဘာလကုန်အထိ‌တော့ အအေးကတော့ အများကြီးတွေ့ရတဲ့အနေအထားမှာတော့ မရှိဘူး။ ၁၇/၁၈ ဝန်းကျင်အထိ အဲ့လောက်ကနေပြီးတော့ ဒီဇင်ဘာ ၅ ရက်နေ့အထိဆိုရင် ၁၆ ထိကျနိုင်ပါတယ်။ ၁၆ လောက်။ အရမ်းကြီးအေးတဲ့အနေအထားတော့ မတွေ့ရသေးပါဘူး။”လို့ သူကဆိုပါတယ်။

ကရင်နီပြည်အပါအဝင် ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းက ကမ်းရိုးတန်းဒေသ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော် စတဲ့ ပြည်နယ်တိုင်းဒေသအချို့တွေမှာ မိုးအသင့်အတင့်ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးရာသီကာလကုန်ဆုံးနေပြီဖြစ်ပေမယ့် အခုလို ဖြစ်ပေါ်လာတတ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေကြောင့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအထိ သတိပြုဖို့လိုတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က အသိပေးထုတ်ပြန်ထားတာ ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts