ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက အမှတ် ၈ စစ်ရှောင်စခန်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦး ရှိနေပြီး ကယားစာပေသင်ကြားရေး ဆရာ၊ ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများ လိုအပ်နေတယ်လို့ စခန်းကော်မတီတာဝန်ခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ လိုအပ်တဲ့ အခက်အခဲတွေကတော့ အများကြီး ရှိတယ်။ အဲ့ဒီအထဲမှာမှ ဖတ်စာအုပ်တွေပေါ့။ ဘာသာစုံ ဖတ်စာအုပ်တွေ၊ ပြီးတော့မှ စာရေးကိရိယာတွေလိုတယ်။ ထိုင်ခုံတို့ အများကြီး လိုမယ်။ ပြီးတော့ ဥပမာ ကလေး တကိုယ်ရေ သန့်ရှင်းရေး လုပ်ဖို့ရန်အတွက် သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ စတဲ့ အကူအညီ ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါသေးတယ်။ ကရင်နီ ၊ ကယား စာပေသင်ကြားပေးမဲ့ ဆရာမလည်း ၂ ဦး လိုအပ်ပါတယ်။ ကျနော်တို့က အများအားဖြင့် ဘောလခဲကပြောင်းလာကြတယ်။ အခုထိ စာပေသင်ကြားရေးက မရရှိသေးဘူးပေါ့နော်။ ကလေးတွေကို သင်ပေးစေချင်တာပေါ့။” လို့ စခန်းကော်မတီ တာဝန်ခံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လက်ရှိမှာတော့ စာသင်ကြားနေတဲ့ ကျောင်းဆရာ၊ ဆရာမ စေတနာ့ဝန်ထမ်းအပါအဝင် ၁၈ ဦး ရှိနေတယ်လို့ သိရပါတယ်။ ယခုနှစ် ၂၀၂၄ ခုနှစ်မှာ ရွေ့ပြောင်းနေထိုင်ရတာကြောင့် နေရာထိုင်ခင်းအတွက်ကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြပြီး ကလေးများအတွက် စာရေးခုံ၊ ထိုင်ခုံ တွေ မပြင်ဆင်ပေးနိုင်သေးလို့ စခန်းကော်မတီတာဝန်ခံက ဆက်ပြောပါတယ်။
“ကျနော်တို့ အရင်နေရာက မိုးတွင်းဆို ရေအရမ်းကြီးတယ်။ သွားလာရ၊ ရိက္ခာသယ်ရ အဆင်မပြေဘူး။ အဲ့ဒါနဲ့ ဒီနှစ်မှာ ကျနော်တို့ ရွေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုလောလောဆယ်တော့ စာစသင်နေပြီ။” လို့ သူက ဆက်ပြောပါတယ်။
အမှတ် ၈ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၀၀ ရှိပြီး မြို့နယ်အသီးသီးက လူဦးရေ ၁၄၀၀ လာရောက်ခိုလှုံကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။