spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ တောမီးကူးစက်ရာကနေ ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ပေါ်မှာ တောမီးကူးစက်ရာကနေ ဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှာ အမှတ် (၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်တာကို မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ကနေ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းပါ မီးလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်တော်ရာ၊ ဒုန်းဒူထန်၊ စည်ကား ၃၊ စည်ကား ၁၊ ပွဲကုန်း ၃ ရပ်ကွက်က နေအိမ်တွေ မီးလောင်ခဲ့တာဖြစ်ပြီး ထပ်မံ တောမီးကူးစက်‌မှုမှ ကာကွယ်ရန် မိုးဗြဲကယ်ဆယ်ရေးအသင်းကနေပြီး မီးငြိမ်း‌သတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မိုးဗြဲမြို့ပေါ်မှာ ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိသေးပေမဲ့ နွေရာသီကာရောက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာ မိမိတို့နေအိမ် တောမီးကူးစက်မှုမှ ကာကွယ်ဖို့ နေရပ်ပြန် သန့်ရှင်းရေးပြန်လုပ်ကြတာရှိတယ်လို့ သိရပါတယ်။

“ ဒီလို နွေရာသီ တောမီးလောင်မှာကို စိုးရိမ်တဲ့အတွက် နေရပ်ပြန်ပြီး သန့်ရှင်းရေးပြန်လုပ်ကြတာ ရှိတယ်။ မိုင်းအန္တရာယ်ရှိပေမဲ့လည်း အရဲစွန့်ပြီး ပြန်ကြတာရှိတာပေါ့။ လူတိုင်းကတော့ သန့်ရှင်းရေးတွေ ခြံရှင်းတာတွေ ပြန်မလုပ်နိုင်ကြဘူးပေါ့လေ စစ်ရှောင်ရတာတစ်ဖက်နဲ့ဆိုတော့။ ဒါပေမဲ့ ဒီလို တောမီးလောင်တာကြောင့်လည်း ပျက်စီးမှုတွေ များသွားတာပေါ့။”လို့ မိုးဗြဲ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာလည်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ တောမီးလောင်ကျွမ်းပြီး ကျေးရွာအတွင်း ကူးစက်မှုကြောင့် နေအိမ် ၂၉လုံး မီးလောင်ပြာကျခဲ့ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ တောမီးလောင်ကျွမ်းပြီး နေအိမ်မီးလောင် ကူးစက်မှု ရှိနေတာကြောင့် မိမိကျေးရွာက နေအိမ်တွေ တောမီးကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts