spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို KSP ပြစ်ဒဏ်ပေး

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်အတွင်း မကြာခဏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးမိပြီး ၎င်းတို့ကို ပြစ်ဒဏ်ချမှတ်ထားတာရှိတယ်လို့ ကရင်နီပြည်ရဲဌာန(KSP) ပြောဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

“မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ တရားခံနဲ့ပတ်သက်ပြီးတော့ ပြစ်မှုကတော့ အများကြီးရှိတာပေါ့။ ကျနော်တို့ အရေအတွက် ပမာဏအပေါ်မူတည်ပြီးတော့ ကျနော်တို့ပြစ်ဒဏ်တွေထားတယ်။ ပြီးတော့မှ ပထမတစ်ကြိမ်က နည်းနည်းပါးပါးမိတာမျိုးဆိုရင် ကျနော်တို့ ပစ္စည်းသိမ်းတယ်။ ထောင်တစ်လလောက်ချပြီး ပြန်လွှတ်တယ်။ တစ်ပြားနှစ်ပြားပဲမိတာ။ နောက် ဒုတိယအကြိမ်ဖြစ်ရင် ပိုပြီးတော့မှ အပြစ်ကြီးသွားမယ် အဲ့လိုပုံစံမျိုးနဲ့။ တခြားပြစ်ဒဏ်တွေ အများကြီး ရှိတယ်။”လို့ ကိုဘိုဘိုက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူကို မကြာခဏဖမ်းဆီးမိနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်း လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ (၁၀) ဦးကို သတင်းအရ KNDF B-14 ၊ KSP ပူးပေါင်းအဖွဲ့တို့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ KNDF B-14 က ဧပြီလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းမိတဲ့ (WY) စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၁ ) ပြား၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ (၁၀)ဦးနဲ့ သက်သေခံပစ္စည်းတွေကို KSP ထံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ သိမ်းဆည်းမိတဲ့မူးယစ်ဆေးဝါးတွေကို အများရှေ့မှာ ပွင့်လင်းမြင်သာစွာနဲ့ မီးရှို့ဖျက်ဆီးသွားမယ်လို့ KSP ပြောဆိုခွင့်ရှိသူ ကိုဘိုဘိုက ဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ ကျနော်တို့ လုံလုံခြုံခြုံ သိမ်းထားတာပေါ့နော။ အတိုင်းအတာတစ်ခုထိ များလာတဲ့အချိန်ကျရင် ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ အများရှေ့မှာ မီးရှို့ဖျက်ဆီးဖို့ရှိမယ် နောက်ကျရင်ပေါ့။” လို့ သူက ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြဖို့ နဲ့ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူထံ အကြောင်းကြားဖို့ KNDF နဲ့ KSP က အသိပေးထားပါတယ်။

Photo – KNDF B-14
Photo – KNDF B-14
Photo – KNDF B-14
spot_img
spot_img