spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

“မြေလွတ်မြေလပ်ဥပဒေတွေ အဲ့တာပြန်ပြင်တာတွေတွေ့တယ်၊ ဒါပေမဲ့ကောင်းတာဘာတစ်ခုမှ ကျနော်တို့မတွေ့ဘူး။”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိအစိုးရလက်ထက်မှာ လယ်ယာမြေဥပဒေနဲ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့ မဖြစ်နိုင်တဲ့မူဝါဒတွေဖြစ်နေတဲ့အတွက် စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့မြေသိမ်းကိစ္စတွေကို လက်ရှိအစိုးရအနေနဲ့မကိုင်တွယ်နိုင်သေးဘူးလို့ လယ်ယာမြေအရေးဆောင်ရွက်နေတဲ့ တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network က တာဝန်ခံ စောအယ်စေးကပြောကြားလိုက်ပါတယ်။ စောအယ်စေးကို ကန္တာရဝတီတိုင်း(မ်) က မေးမြန်းထားပါတယ်။

Kayah Earthrights Action Network – KEAN အဖွဲ့ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်အဖွဲ့ဖြစ်ပြီး ကယား(ကရင်နီ) ပြည်နယ်ရှိ ဌာနေတိုင်းရင်းသာတွေရဲ့ မြေနှင့်အရင်းအမြစ်ဆိုင်ရာအခွင့်အရေးကာကွယ်စောင့်ရှောက်တာတွေ၊ လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်တာတွေ စောင့်ကြည့်အစီအရင်ခံတာတွေ ၊ မြေ၊ သစ်တောနှင့် ပိုက်နက်နယ်နိမိတ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေ၊ ပြည်နယ် ဖက်ဒရယ်မြေအုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

Kayah Earthright Action Network တာဝန်ခံ စောအယ်စေး

ကန္တာရဝတီတိုင်း(မ်)။ ။ ဆိုတော့ ဆရာတို့ရဲ့အဓိကလှုပ်ရှားမှုတွေက ဘာတွေဖြစ်မလဲ။

စောအယ်စေး။ ။ ပထမတစ်ချက်ကတော့ ဒေသခံတွေ မြေယာဥပဒေနဲ့ပတ်သက်ပြီး ဒေသခံတွေသိအောင် အမြင်ဖွင့်တာရှိတယ်။ အဲ့လိုလုပ်တာက ဥပဒေကိုလိုက်နာသုံးစွဲသွားဖို့မဟုတ်ဘူး။ ဥပဒေဆိုတာ ဘာတွေဘယ်လိုရှိတယ်ဆိုတာသူတို့သိအောင်သွားတာရှိတယ်။ နောက်တစ်ခုကျတော့ ကျနော်တို့ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်အားကောင်းအောင် ကျေးရွာအဆင့်၊ အုပ်စုအဆင့်တွေမှာ လုပ်ဆောင်နေတယ်ဆိုတဲ့ အဆင့်နှစ်ခုနဲ့အဓိကသွားတယ်၊ နောက်တစ်ခုက တစ်ပြိုင်နက်ထဲမှာဖြစ်နေတဲ့ မြေယာသိမ်းမှုကိစ္စတွေကို အခြားသောအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဝန်းရံတဲ့ကိစ္စတွေရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ဆရာတို့အဖွဲ့အနေနဲ့ဖက်ဒရယ်သာဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားဒေသခံတွေရဲ့ရိုးရာဓလေ့အရမြေယာပိုင်ဆိုင်မှုအားကောင်းဖို့ ဥပဒေရေးဆွဲတာတွေ၊ စာအုပ်ထုတ်တာတွေ လုပ်နေတဲ့ အပေါ် လက်ရှိအစိုးရအနေနဲ့ဘယ်လောက်အထိ အသိအမှတ်ပြုလဲ။

စောအယ်စေး။ ။ သူတို့အသိအမှတ်ပြုတာတစ်ခုမှမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့စိတ်ဝင်စားမှု သူတို့ရဲ့အကျိုးစီးပွားနဲ့ဆန့်ကျင်နေတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ အသိအမှတ်ပြုမှုအရမ်းအားနည်းပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ဆရာတို့အဖွဲ့အနေနဲ့ထုတ်လိုက်တဲ့စာအုပ်တွေကို အစိုးရဆီပေးပို့တာမျိုးရောရှိလားဗျ။

စောအယ်စေး။ ။ ရှိပါတယ်၊ ကျနော်တို့ ဆိုရှယ်မီဒီယာ ဝက်ဆိုဒ်ကနေပေးပို့တာရှိသလို၊ စာအုပ် Hard Copy သွားပေးတာမျိုးရှိတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ဆရာတို့အနေနဲ့ဖက်ဒရယ်သာဖြစ်လာမယ်ဆိုရင် ရိုးရာဓလေ့ကိုအခြေခံပြီးအသုံးပြုမဲ့ မြေယာမူဝါဒကိုရေးဆွဲထားတယ်ဆိုတော့ အဓိကအားဖြင့် ဘယ်လိုဟာမျိုးကိုအခြေခံပြီး ရေးတာလဲ။

စောအယ်စေး။ ။ ကျနော်တို့ ကရင်နီ (ကယား) အတိုင်းအတာအရတော့ လူထုကနေအခြေပြုပြီးတော့ အရပ်ဘက်အဖွဲ့အစည်းနဲ့တွဲပြီး ကရင်နီမြေယာမူဝါဒရေးဆွဲထားတာရှိတယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့တောက်လျောက်သုံးသပ်တာတွေ မွန်းမံတာတွေ စမ်းသပ်ကျင့်သုံးတာတွေ တောက်လျောက်လုပ်နေတာရှိတယ်၊ အဓိက ကျနော်တို့အခြေခံဗျူဟာက ဘာလဲဆိုတော့ ဒီ စီမံခန့်ခွဲမှုတွေ ပိုင်ဆိုင်မှုတွေအားလုံးဟာ အောက်ခြေကနေလာတာဖြစ်တယ်၊ Decision (ဆုံးဖြတ်ချက်) တွေအားလုံးဟာ အောက်ခြေလူထုကနေတက်လာရမဲ့ဟာတွေဖြစ်တယ်၊ နောက်တစ်ခုက ဖက်ဒရယ်ဖြစ်လာရင် ဒါကိုလမ်းညွန်ကျင့်သုံးနိုင်ဖို့ ဘယ်အစိုးရဘဲတက်တက် လူထုရဲ့အသံ၊ လူထုရဲ့သဘောထားတွေပါတဲ့ ဒီမူဝါဒကို ကျင့်သုံးနိုင်ဖို့ဆိုပြီး ဒါကို အခြေခံ ပြင်ဆင်ထားတယ်ဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ မြေအသုံးချမှုမူဝါဒရေးဆွဲနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအစိုးရနဲ့ လက်တွဲဆောင်ရွက်တာမျိုးရှိလား။

စောအယ်စေး။ ။ မရှိပါဘူး၊ ကျနော်တို့ကဒေသခံရယ် အရပ်ဘက်အဖွဲ့အစည်းရယ် ဒေသခံနိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းလုပ်ဆောင်နေတာပါ၊ ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံအကြံဉာဏ်တောင်းတာမျိုးရှိပါတယ်။ ဒီမြေယာမူဝါဒနဲ့ပတ်သက်ပြီးလက်ရှိအစိုးရကိုတင်ပြပေမဲ့ သူတို့က စိတ်မဝင်စားဘူး၊ ဗဟိုမြေယာမူဝါဒရှိပြီးသား၊ ဒါကိုလက်မခံနိုင်ဘူးဆိုပြီးပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီအစိုးရလက်ထက်မှာ တောင်သူအရေးနဲ့ပတ်သက်ပြီး လယ်ယာမြေဥပဒေကို ပြင်ဆင် ဖြည့်စွက်တာတွေ ဘယ်အတိုင်းအတာအထိ လုပ်နိုင်တယ်လို့မြင်လဲဗျ။

စောအယ်စေး။ ။ ဥပဒေအဟောင်းကိုသူတို့ပြန်ပြန်တာလုပ်တယ်၊ နောက်တစ်ခုကျတော့ မြေယာဥပဒေနဲ့ပတ်သက်ပြီး အသစ်ထပ်ထွက်လာတာတွေရှိတယ်၊ ဥပမာ နယ်နမိတ်ပိုင်းခြားသတ်မှတ်ရေးဥပဒေဆိုတာ တောင်သူနဲ့ဆက်စပ်တဲ့ဟာတွေဘဲ။ ဒေသခံတိုင်းရင်းသား၊ ဌာနေတိုင်းရင်းသားနဲ့သက်ဆိုင်တဲ့ဟာတွေဖြစ်တယ်။ နောက်တစ်ခုကျတော့ မြေတိုင်းဥပဒေမူကြမ်းလည်းထပ်ထွက်လာတာရှိတယ်၊ ဒါဟာ အရမ်းဆိုးရွားတဲ့ဟာဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေဘာမှလုပ်လို့မရအောင်သွားတဲ့ ဥပဒေတစ်ခုဖြစ်တယ်၊ ဒီဖက်ဒရယ်မရောက်ခင်အားလုံးကိုထိန်းချုပ်နိုင်အောင် စနစ်တကျစီမံထားတဲ့ အစီအမံလို့မြင်တယ်၊ နောက်တစ်ခုက ရှိပြီးသား ၂၀၁၂ မြေယာဥပဒေ၊ မြေလွတ်မြေလပ်ဥပဒေတွေ အဲ့တာပြန်ပြင်တာတွေတွေ့တယ်၊ ဒါပေမဲ့ကောင်းတာဘာတစ်ခုမှ ကျနော်တို့မတွေ့ဘူး၊ ပိုးပြီးတော့ ဆိုးလာတယ် အဲ့လိုဘဲမြင်တယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ပိုပြီးဆိုးရွားလာတယ်ဆိုတဲ့အခြေအနေဆိုတာ ဘာတွေကိုပြောတာလဲ။

စောအယ်စေး ။ ။ ကျနော်တို့မှာ သက်သေ သာဓကတွေအများကြီးရှိတယ်၊ ဥပမာ လက်ရှိအမျိုးသားမြေယာအသုံးချမှုမူဝါဒရှိတယ်၊ ဒါပေမဲ့ နောက်ဆက်တွဲထွက်လာမဲ့ ဥပဒေကို အကောင်အထည်ဖော်မှုမရှိသေးဘဲနဲ့ လက်ရှိတည်ဆဲဥပဒေကို တစ်ခုပြီးတစ်ခုလိုက်ပြင်နေတယ်၊ အဲ့တာတွေက တကယ်တော့ လွဲနေတဲ့ Process တွေဘဲဖြစ်တယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ မြေကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်မှာ လက်ရှိအချိန်တောင်သူ ၄၁ ယောက်တရားစွဲခံနေရပါတယ်။ အဲ့ဒီအပေါ်မှာရောဘာများပြောချင်လဲ။

စောအယ်စေး။ ။ ဒီကိစ္စမှာကတော့ အဓိက ပါဝင်ပတ်သက်သူကအရမ်းအရေးကြီးပါတယ်၊ ဒီဒေါဆိုရှေးရော ဒေါမူကလားရော ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်သူက စစ်တပ်ဖြစ်တယ်၊ နောက်တစ်ခုက စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုက အရမ်းမြင့်တယ်၊ သူတို့သဘောမတူရင်လက်ရှိဥပဒေအရဘာမှလုပ်လို့မရဘူး၊ ဥပမာ မြေစသိမ်းကတည်းက ပုံစံမှားနေတယ် ဥပဒေနဲ့မညီဘူး နောက်တစ်ခုက အခုကိစ္စမှာလည်း တောင်သူတစ်ယောက်တည်းကို ၆ မှုဖြစ်အောင်တရားစွဲတယ်၊ အဲ့တာတွေက တခါမှမကြားဘူးတဲ့ဟာတွေ၊ မဖြစ်သင့်တဲ့ဟာတွေ၊ ဒါပေမဲ့ တောက်လျှောက်ဖြစ်နေတယ်၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ဘာမှလုပ်လို့မရဘူး၊ နိုင်ငံတော်အတိုင်ပင်ခံလာတဲ့အချိန်မှာ ကရင်နီအဖွဲ့တွေသွားတွေ့တယ်၊ ဒီအပေါ်မှာ ဦးစားပေးစဉ်းစားပေးမယ်လို့ပြောတယ်၊ ဒါပေမဲ့ အခုထိဘာမှထူးမလာဘူး။ အခြေနေကအဲ့လိုတွေဖြစ်နေတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ လယ်ယာမြေအရေး၊ တောင်သူအရေးနဲ့ပတ်သက်ပြီး တောင်သူတွေဘက်က မြေယာပိုင်ဆိုင်မှုနဲ့ပါတ်သက်ပြီး အာမခံချက်ရှိအောင် ဘယ်လိုလမ်းကြောင်းမျိုးနဲ့ဆောင်ရွက်ရင်အကောင်းဆုံးဖြစ်မယ်လို့မြင်လဲ။

စောအယ်စေး – ကျနော်ထင်တယ်၊ ပထမတစ်ချက်က သိမ်းဆည်းထားတဲ့မြေတွေနဲ့ပတ်သက်ပြီး စနစ်တကျပြန်ကိုင်တွယ်ဖို့လိုမယ်၊ နောက်တစ်ခုက ရှိပြီးသားဥပဒေတွေကို အများကြီးပြန်ပြီးဖျက်ရမှာရှိတယ်၊ ဘာဖြစ်လဲဆိုတော့ အခုမြေသိမ်းကိစ္စတွေက ဒီဥပဒေတွေကို နင်းပြီးလာတဲ့ဟာတွေဘဲ၊ ဆိုတော့ ဒီဥပဒေတွေကို ပြန်သုံးသပ်ရမယ်ပြန်ပယ်ဖျက်ရမယ်၊ နောက်တစ်ခုကျတော့ အနာဂါတ်မှာ ဖက်ဒရယ်ဖြစ်လာရှိ ဒီထက်ကောင်းမွန်တဲ့ မြေယာဥပဒေတစ်ခုရှိဖို့လိုမယ်၊ ကျနော်အဲ့လိုဘဲမြင်တယ်။

spot_img
spot_img

Recent posts