spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာပြန်လာယူတဲ့ စစ်ရှောင်၂ဦး ပစ်ခတ်ခံရ ၊ နေအိမ်အချို့ကို မီးရှို့သွား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ရိက္ခာပြန်လာယူတဲ့ စစ်ရှောင် ၂ ဦး အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းပုန်းတပ်နဲ့ ထိပ်တိုက်တိုးမိတဲ့အတွက် လိုက်လံပစ်ခတ်ခံရသလို ငူးပလော့ရပ်ကွက်ရှိ နေအိမ်ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီးမော့ဆိုမြို့နယ်မှ ဒီ/ကျေး ကျေးရွာအုပ်စုရယ် ငွေတောင်ကျေးရွာအုပ်စုရယ်။ ဒီးမော့ဆိုအုပ်စုလို့ပြောရမှာပေါ့နော။ မြို့မရပ်ကွက်ဖက်မှာ စစ်ကောင်စီက အမြဲတမ်းလှုပ်ရှားသွားလာနေတယ်။ အန္တာရာယ်ရှိတဲ့အုပ်စုထဲမှာ ပါနေတယ်ပေါ့နော။ လူထုတွေက စစ်ဘေးရှောင်နေတယ်။ ဟုတ်တယ် သူတို့ခင်မျာလည်း ပြေးရခါကျတော့ စားနပ်ရိက္ခာမစုံဘူး။ ဥပမာ-စောင်တို့ အဝတ်အထည်ပေါ့။ ဆန်ရော သူများထောက်ပံ့တာလည်း သိပ်ထိရောက်မှုမရှိဘူးလေ။ အဲ့ကြောင့် သူတို့က အရေးကြီးလိုအပ်တဲ့ဟာ ပြန်လာယူတာ ပြန်လာယူခါကျတော့ စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့တိုးတာပေါ့။ ပစ်လိုက်တယ်လေ အိမ်ကိုပါ မီးရှို့လိုက်တယ်။” လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ပြည်သူနှစ်ဦးရဲ့ အခြေအနေ အသေးစိတ်မသိရှိရသေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၅ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ် ငူးပလော့ကျေးရွာမှ ပြည်သူနေအိမ်အချို့ မီးရှို့ဖျက်ဆီးခဲ့ရပြီး စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် ရပ်ကွက်အတွင်း ကင်းပုန်းချထားသလို လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်နေပြီး နေ့လည်ပိုင်းမှာလည်း ရိက္ခာပြန်လာယူတဲ့ ပြည်သူနှစ်ဦးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၆နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့ပေါ်မှာ ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img