ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆင်စခန်း စစ်ရှောင်စခန်းကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေထဲက နှစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး-၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ညပိုင်းမှာ ဆေးကုသမှုခံယူရင်း အသက် ၅၂နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့သလို မနက်ပိုင်းမှာ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး အူထွက်ဒဏ်ရာနဲ့ သေဆုံးသွားတာပါ။
“ လေယာဉ်နဲ့ လာကြဲတဲ့ဆင်စခန်း မှာက ၃၈နှစ် အရွယ်တစ်ယောက်က အဲ့နေရာမှာပဲ သေသွားတယ်။၂ယောက်က ဆေးခန်းရောက်တော့ ကလေးနဲ့ ၅၂နှစ်အရွယ်တစ်ယောက်ကို ဆေးရုံကိုလွဲလိုက်တာ။ ညရောက်တော့ ၅၂နှစ်အရွယ်က ဆုံးသွားတယ်။ မနက် ရောက်တော့ ကလေးလဲဆုံးသွားပါတယ်။ “လို့ ဦးဗညားက ဆိုပါတယ်။
အရပ်သားပြည်သူတွေသာနေထိုင်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့လုပ်ရပ်အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဆောင်ရွက်ဖို့လိုနေပြီလို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) တွဲဖက်အတွင်းရေးမှူး – ၂ မူအန်းဂျေလာ က အခုလို ပြောပါတယ်။
“စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေ နိုင်ငံတကာမှာပြနိုင်ဖို့ သက်သေတွေ အလုံအလောက်လည်း ရှိနေပါတယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ထွန်းကားမှုကို လိုလားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီမိုကရေစီဆိတ်သုန်းရေးကို ဦးတည်ပြီး အကြမ်းဖက်နည်းနဲ့ အာဏာတည်မြဲရေးကို ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဘက်ပေါင်းစုံ ဖိအားပေးမှုကို ၂၀၂၅ မှာ ပြတ်ပြတ်သားသား လုပ်သင့်ပြီလို့ ပြောချင်ပါတယ်။”လို့ မူအန်းဂျေလာက ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ သတိထားဖို့ လိုအပ်တယ်လို့ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) ဥက္ကဌ ခူးသဲရယ်က ပြောဆိုပါတယ်။
“ကရင်နီစစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်။ တဖက်မှာ တော်လှန်ရေးခေါင်းဆောင်ကော ပြည်သူလူထုအပါအဝင် လုံခြုံရေးသတိထားစေချင်ပါတယ်။ လိုင်းပေါ်တင်တာ တော်လှန်ရေးနဲပတ်သက်တဲ့ မက်ဆေ့တွေသတိထားစေချင်ပါတယ်။ လုံခြုံရေးအသိ လုံခြုံရေးသတိရှိကြစေချင်ပါတယ်။ ဗျူဟာကျကျလုပ်ဆောင်ဖို့လိုပါမယ်။”လို့ ခူးသဲရယ်က ဆိုပါတယ်။
၂၀၂၅ခုနှစ်မတိုင်ခင် နှစ်သစ်ကူးအကြိုနေ့မှာ ကရင်နီပြည်အပါအဝင် ရခိုင်ပြည်နယ် ၊ မန္တလေးတိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးသူ ၁၀ဦးထက်မနည်း ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည် နဲ့ ကယန်းဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက် (၁၇၆၅) ကြိမ် နဲ့ အရပ်သားသေဆုံးမှု (၅၃၆) ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။