ကေးဒူ (ကန္တရဝတီတိုင်း (မ်))
ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်နေတဲ့ “အနာဂတ်ကြယ်ပွင့်များကျောင်း” စာသင်ကျောင်းကို အထက်တန်းကျောင်း အဖြစ်၂၀၂၂ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
စာသင်ကြားတဲ့အချိန်တွေမှာ ဖတ်စာအုပ်တွေ မလုံလောက်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ Grade -10 မှာ ပညာသင်ကြားနေတဲ့ မော်မီးမြာက အခုလို ပြောပါတယ်။
” စာအုပ်က ပြည့်ပြည့် စုံစုံရှိရမယ်ပေါ့နော်။အခု စာအုပ်ပြည့်ပြည့်စုံစုံမရှိတော့ အိမ်ကိုယူသွားပြီးတော့ စာကျက်လို့လည်း မရဘူးပေါ့နော်။ ကူးပဲကူးနေရတယ်ပေါ့နော်။ ဘောပင်တွေလည်း သိပ်မရှိဘူးပေါ့နော်။ မရှိဘူးဆိုတာက ရောင်းတဲ့ ဆိုင်လည်း သွားမဝယ်နိုင်ဘူးပေါ့နော်။ အခက်အခဲတွေလည်းရှိတယ်ပေါ့နော်။ဘောပင်ကုန်ပြီဆိုရင် ခဲတံနဲ့ပဲရေးနေရတယ်။အ့လို အခြေအနေရှိတယ်ပေါ့နော်” လို့ Grade -10 မှာပညာသင်ကြားနေတဲ့ မော်မီးမြာ ပြောပါတယ်။
ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၆ ယောက်နဲ့ လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပထမ အသုတ်မှာဆိုရင် KG ကနေ Grade-9 အထိ ကျောင်းသား/သူ ပေါင်း ၁၆၀ ကျော်ကို အတန်းတင် ကျောင်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအသုတ်မှာတော့ အထက်တန်းအထိအပြင် မူကြိုကျောင်းပါ ဖွင့်လှစ်နေပြီဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆရာမ တစ်ဦးက ပြောပါတယ်။
“အစက ပထမ အသုတ်မှာဆို ကျမတို့ကျောင်းသား/သူ ၂၀၈ ယောက်ဆိုပေမယ့်ပေါ့နော်။ နောက်ဆုံးလက်မှတ် ရသွားတဲ့ကလေးက ၁၆၆ယောက် ပေးနိုင်ခဲ့တယ်ပေါ့။ Bath (2)မှာခါကျတော့ မူကြိုလည်း ပါလာမယ်။ ပြီးတော့ Grade 10 လည်းပါလာမယ်ပေါ့နော်။ မူကြိုကနေ စပြီးတော့မှ Grade -10ထိ အားလုံးပေါင်း ၁၁ ခန်း ထားပေးမှာပေါ့နော ” လို့ တာဝန်ခံ ဆရာမ တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်လာပြီဖြစ်လို့ ဝင်ငွေတွေလည်းမရှိတဲ့တွက် စာရေးကိရိယာတွေဝယ်ယူဖို့ ခက်ခဲနေပြီး အလှူရှင်တွေကိုသာ အားကိုးနေကြရတာ ဖြစ်ပါတယ်။
“အနာဂတ်ကြယ်ပွင့်များကျောင်း” ကတော့ စစ်ရှောင်စခန်းတစ်နေရာမှာ ၂၀၂၁ခုနစ် က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာအထက်တန်းအထိဖွင့်လှစ်နေပြီဖြစ်ပါတယ်။