ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်က စစ်ဘေးရှောင်တွေ အပါအဝင် စစ်ဘေးမရှောင်ရတဲ့ ကျေးရွာဒေသခံတွေဟာ စစ်ပဋိပက္ခကာလအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ငွေဝင်မရှိတဲ့အတွက် အာဟာရနဲ့ ညီမျှအောင် မစားသောက်နိုင်ဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တချို့ကတော့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးကိုလုပ်ကိုင်ကြသူနဲ့ စျေးရောင်းရင်း ဖြေရှင်းကြသူတွေ ဖြစ်ပြီး အများစုကတော့ အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းမှုကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကာလ ကြာမြှင့်လာတာနဲ့အမျှ စားသောက်ရေး ပိုမိုကြပ်တည်းလာကြတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးဆီမိုးနိုင်က အခုလို ပြောပါတယ်။
“အရင်တုန်းကဆိုတော့ နည်းနည်းပိုအဆင်ပြေတာပေါ့။ စပြေးတုန်းကဆို ပိုက်ဆံလည်းနည်းနည်းပါတယ်။ ဘီဒိုတွေလည်းပါလာတယ်။ အခုကျတော့ ဘီဒိုရောင်းတာလည်း ကုန်ပြီ။ ဆိုင်ကယ်တွေလည်း ရောင်းကုန်ပြီ။ ထမင်းကတော့ မနက်တော့ အဝစား နေ့လည်ကျတော့ ဆန်ပြုတ် ညနေကျတော့ အဝပြန်စား အဲ့လိုမျိုးပေါ့နော” လို့ ဦးဆီမိုးနိုင်က ပြောပါတယ်။
အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံစိုက်ခင်းတွေအပါအဝင် စပါးစိုက်ခင်း ဧက သောင်းနဲ့ချီ ရေနစ်မြှုပ် ပျက်စီးခဲ့သလို ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်ခဲ့တာကြောင့် ကရင်နီပြည်တွင်းမှာ ကုန်စျေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရာဂီမုန်တိုင်း မတိုင်ခင် ခရမ်းချဥ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်ရှိပေမယ့် လက်ရှိမှာတော့ တစ်ပိဿာ ၅၀၀၀ ကျပ်ရှိနေပြီလို့ ဆိုပါတယ်။
ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေကတော့ စိုက်ပျိုးရေးပြုလုပ်နေကြဆဲဖြစ်ပြီး ပေါင်းရှင်းတာ ၊ ရိတ်သိမ်းရေးတွေမှာ စစ်ဘေးရှောင်တွေကို နေ့စားအလုပ်ခေါ်ကြလေ့ရှိပြီး အနိမ့်ဆုံးလုပ်အားခကို ၁၀၀၀၀ ကျပ်ပေးတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အသီးအရွက်တို့လို ကုန်စိမ်းစျေးနှုန်းတွေလည်း စျေးနှုန်းမြင့်တက်လာတာကြောင့် မိသားစုဝင်များတဲ့ စစ်ဘေးရှောင်မိသားစုအတွက် တစ်ရက်လုပ်အားခက တစ်ရက်တာ စားသောက်ဖို့ မလုံလောက်ဘူးလို့ ပြောပါတယ်။
ကျန်းမာရေးအတွက် အာဟာရဓာတ်ပြည့်ဝအောင် အသားဓာတ်နဲ့ အသီးအရွက်၊ ပဲအမျိုးမျိုး၊ နို့ ကို မျှတအောင်စားသောက်ဖို့ လိုအပ်ပေမယ့် ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ဒီလို တင့်သင့်မျှတအောင် မစားသောက်နိုင်ဘူးလို့ ပြောပါတယ်။
“အသီးအရွက်ထက် အသား ၁၂၀၀၀ ဖိုးဝယ်ပြီး သုံးနှပ် လေးနှပ်စားတယ်ပေါ့နော။ ပိုတန်တယ်လို့ထင်လို့လေး” လို့ သူက ပြောပါတယ်။
ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ တခြားအခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်ပြီး နေရာအလိုက် စျေးနှုန်းပြောင်းလဲမှုရှိတယ်လို့ ပြောပါတယ်။ တစ်နေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့အတွက် စစ်ဘေးရှောင်တွေက အလုပ်အကိုင်ရရှိရေးကိုလည်း မျှော်လင့်နေကြပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ဘေးရှောင် လူထု ၃၅၀၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ ကာလရှည်ကြာစွာ စစ်ဘေးရှောင်နေရတဲ့ လူထုတွေအတွက် ထောက်ပံ့ကူညီပေးမယ့် အရင်းအမြစ်တွေ နည်းပါးလာနေပြီလို့လည်း IECက ပြောဆိုထားပါတယ်။