spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

အုပ်စုအုပ်ချုပ်ရေးမှူးတွေ ဖိနှိပ်ချုပ်ချယ်တာခံနေကြရ ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံနေကြရတယ်လို့ အုပ်စုအုပ်ချုပ်ရေးမှူးတွေထံကနေ ကြားသိရပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုမခံနိုင်တဲ့အတွက် ဒီးမော့ဆိုမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်နားပေးဖို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုက လက်မှတ်ထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၈)ရက်နေ့မှာ ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲပေးဖို့အတွက် ခရိုင်အဆင့်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက သွားရောက်အကြောင်းကြားခဲ့ပါတယ်။

အဲဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် သက်ဆိုင်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပုဂ္ဂိုလ်တွေကို အကူအညီတောင်းခံတဲ့ စာကို ပေးပို့ထားတယ်လို့သိရပါတယ်။

ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးဟာ အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ရတာ အဆင်မပြေတော့သလို တာဝန်ယူမှုတာဝန်ခံပိုင်းမှာလည်း မရှိဘဲ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာတဲ့အခါဆိုရင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကိုပဲ အပြစ်မြင်တယ်လို့ ၂၀၁၅ခုနှစ်ကတည်းက ဒေါကလော်ဒူအုပ်စုရေးမှူး တာဝန်ထမ်းဆောင်လာတဲ့ ဦးဖိုးရယ်ဘအေးက ဆိုပါတယ်။

ဦးဖိုးရယ်ဘအေးက “အမြောက်တပ် ၃၆၀နားမှာ လယ်ယာမြေကိစ္စလေ ကျတော်တို့ကို ခနခဏသွားခိုင်းတယ်။ ဖုန်းနဲ့ဆက်သွယ်တော့ ရွာကနေသွားတာ့ နည်းနည်းနောက်ကျတယ်လေ ဟောက်တယ်လေ သူက လုပ်လည်းလုပ်တယ် ဟောက်လည်းခံရတယ်ပေါ့။ သူနဲ့လက်တွဲဖို့ဆို မတွဲချင်တော့ဘူးပေါ့ တွဲမယ်ဆိုလည်း ကျေးရွာအုပ်စုနားမှာလုပ်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ကတိကအောက်ဖြစ်ကုန်မယ် နောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ မတိုးတက်တော့ဘူး ဒါကြောင့် သူ့အနေနဲ့ ရပ်ဆိုင်းဖို့ ပြောင်းပေးဖို့ သဘောတူကြတာပေါ့”လို့ ရှင်းပြပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဒီးမော့ဆိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးကို ဦးညာဏ်လိုင်ကို ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ဖြေကြားထားပါတယ်။

၎င်းက “မဟုတ်တာကော ဟုတ်တာကော ကာယကံရှင်ပဲသိတာပေါ့။ ဟုတ်မှမဟုတ်တဲ့ကိစ္စကို ဒီလောက်လုပ်ကိုင်ပေးနေတာ လုပ်ငန်းပေါင်း ၄၀၀ ကျော်ရှိတယ်။ တခုမှ ဟိုဟာမဖြစ်ဘူး။ ဒါပေမယ့် နောက်ကွယ် သွေးထိုးလံှု့ဆော်မှုတွေပေါ့။ ဒါတွေကျနော်မဖြေချင်ဘူးဗျား။” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

၎င်းက ဒီးမော့ဆိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်ကို ၂၀၁၈ ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဖက်အဖွဲ့အစည်း (၅)ဖွဲ့ဖြစ်တဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ (KSFU)၊ ကယားပြည်နယ်မြေယာနှင့်သဘာဝပတ်ဝန်းကျင်အခွင့်အရေး လုပ်ရှားမှုကွန်ယက် (KEAN)၊ ကရင်နီ MATA ၊ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တို့ကနေပြီး ၎င်းအား အုပ်စုအုပ်ချုပ်ရေးမှူးတွေက တာဝန်မှရပ်ဆိုင်းရန် ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံကြောင်း မေလ ၁၉ ရက်နေ့က ထုတ်ပြန်ထားကြပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ(KSFU)မှ ကိုဒီးဒီက “မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာက တခြားနယ်ကနေ လာပြီးမှ တာဝန်လာထမ်းဆောင်တဲ့သူတွေဖြစ်တယ်။ သူတို့အကြောင်းစုံမသိဘဲနဲ့ သူတို့ဖြစ်ချင်တဲ့ဟာ သူတို့ရာထူးတိုးရေး မျက်နှာသာရရေး သူတို့ကိုယ်ကျိုးအတွက်ပေါ့ ကျေးရွာကအောက်ခြေအုပ်ချုပ်ရေးမှူးတွေကို အမျိုးမျိုးပေါ့ ဖိနှိပ်တာတွေ နှောင့်ယှက်တာတွေ အာဏာပြတာတွေ ကျတော်တို့မလိုလားဘူးပေါ့။” လို့ ကိုဒီးဒီက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကို စီမံခန့်ခွဲ ပြောဆိုတဲ့အခါ ရိုင်းပြတဲ့ နှုတ်အမူအရာစကားလုံးကို သုံးနှုန်းပြောဆိုခြင်း၊ ကုန်းမြင့်လယ်ယာဖော်ဆောင်ရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ အုပ်ချုပ်ရေးမှူးအား ဒေသခံတွေရဲ့ ကိုယ်စား တာဝန်ယူလက်မှတ်ရေးဖို့အတွက် ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်ကာ ဥပဒေနဲ့မညီဘဲ အတင်းအကြပ်စေခိုင်းခြင်း၊ ကျေးရွာအတွင်းလိုအပ်တဲ့ ကိစ္စရပ်တွေ တင်ပြတဲ့အပေါ်မှာ ဆောင်ရွက်ပေးခြင်းမရှိဘဲ လျစ်လျူရှုခြင်း၊ စီမံခန့်ခွဲမှုညံဖျင်း၍ ဖြစ်ပေါ်လာတဲ့အမှားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အုပ်ချုပ်ရေးမှူးတွေကို အပြစ်ပုံချကာ ခေါင်းရှောင်းခြင်း စတဲ့အချက်တွေကြောင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချူပ်ရေးမှူးတွေက ဒီမော့ဆိုအုပ်ချုပ်ရေးမှူးကို တာဝန်ထမ်းဆောင်ခွင့် အလိုမရှိတော့ဘူးလို့သိရပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၂၆ အုပ်စု ရပ်ကွက်ခွဲ ၄ ခုရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts