အန်ထောနီ
ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးလုပ်ငန်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ပြောင်းဝယ်သူတွေနည်းလာပြီးတော့ ဈေးတွေလည်း တဖြည်းဖြည်းထိုးကျလာတဲ့အပေါ် ပြောင်းစိုက်တောင်သူတွေ အခက်တွေ့ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
အခုလိုပြောင်းဈေးတွေကျလာတဲ့အတွက် လုပ်အားခနဲ့ကုန်ကျစရိတ်တွေက အမြတ်မရှိတဲ့အပြင် အရှုံးပေါ်မှာကို စိုးရိမ်နေကြရပါတယ်။
“ တစ်ကယ်လို့ဈေးမရှိတဲ့အချိန်ဆိုရင် အလုပ်သမားခေါ်တဲ့အပေါ်မှာလည်း တစ်နေ့ကို ၆၀၀၀ ကျပ် ပေးရတယ်။ ဒါပေမယ့် ကျနော်တို့တစ်ခါတစ်လေပြန်တွက်ကြည့်မယ်ဆိုရင် ဒီဈေးနှုန်းနဲ့ ဒီအလုပ်သမားခနဲ့ ပြန်ပြီးတော့ ရနိုင်မလား မရနိုင်ဘူးလားဆိုပြီး အဲ့လိုမျိုးစိုးရိမ်တယ်ပေါ့။” လို့ ရုမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နောင်လှိုင်ကျေးရွာ ကိုဘီးဒူ ကပြောပါတယ်။
အရင်နှစ်က အခုချိန်ဆိုရင် ပြောင်းဈေး အနှိမ့်ဆုံး တစ်ပိသာ၄၁၀ ရှိပြီးတော့ ယခုချိန်မှာတော့ ၃၇၀ ကျပ်အထိ ဈေးကျသွားပြီး တဖြည်းဖြည်းဆက်ကျသွားမှာကို ပြောင်းစိုက် တောင်သူတွေ စိုးရိမ်နေကြရတာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ပြောင်းဈေးမတည်ငြိမ်မှုများကြောင့် ပြောင်းစိုက်တောင်သူတွေ အခက်ကြုံနေရပြီး တိကျတဲ့ ပေါက်ဈေးတစ်ခု သတ်မှတ်ဖို့လိုတယ်လို့ တောင်သူတွေက သက်ဆိုင်ရာ အစိုးရတို့ကို တောင်းဆိုနေကြပါတယ်။
“ လာမယ့်အစိုးရတက်လာခဲ့မယ်ဆိုရင်လည်း ကျနော်တို့ပြောင်းတောင်သူတွေအတွက် အဆင်ပြေတဲ့ဈေးနှုန်းကို တိတိကျကျသတ်မှတ်ပြီးတော့မှ တောင်သူတွေမနစ်နာအောင် တောင်သူတွေအကျိုးခံစားခွင့်က အဲ့တာလေးပဲရှိတော့ တင့်တင့်မျှတတဲ့ဈေးနှုန်းကို စီစဉ်ပေးဖို့ကျနော့်အနေနဲ့ တောင်းဆိုချင်တယ်။” လို့ ကွိုင်ငံရွာဟောင်း ကျေးရွာနေ ဦးပိုပီးယို ကပြောပါတယ်။
ပြောင်းဈေးမကောင်းလို့ လက်ရှိလုပ်ကိုင်နေတဲ့ ပြောင်းရုံကိုနားတော့မယ့်လို့ ဒေါးငံခါး ရပ်ကွက် (၁) ပြောင်းရုံပိုင်ရှင် ဦးမောင်ကောင်း က ပြောပါတယ်။
“ ကျနော်တို့လည်း ဒီတစ်စီးတင်ပြီးရင်တော့ နားမယ်လို့တော့ဆုံးဖြတ်ထားတယ်ပေါ့ ဘာဖြစ်လို့လဲဆိုရင်တော့ ဈေးကဆက်တိုက်ကျနေတော့ နားမယ်လို့တော့ စီစဉ်ထားတယ်ပေါ့။” လို့ပြောပါတယ်။
အခုလို ပြောင်းတွေကိုဝယ်မည့်သူမရှိတော့တဲ့အတွက် တစ်ချို့သောပြောင်းရုံများလည်း နားတော့မယ်လို့သိရပါတယ်။
ပြည်သူများကတော့ ထိုပြာသနာများပြေလည်ဖို့ဆိုရင် အစိုးရမှာတာဝန်ရှိပြီး ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ စေားခူးတလေ ကပြောပါတယ်။
၎င်းက “ အဲ့တာကဘယ်သူရဲ့လက်ထက်မှာရှိလဲဆိုရင် စီးပွားရေးလုပ်တဲ့လူတွေရဲ့လက်ထက်မှာလည်း ဒီကိစ္စတွေဖြစ်နေသလို အစိုးရတွေရဲ့ကြီးကြပ်မှုတွေ အားနည်းလို့ဖြစ်သွားနိုင်တဲ့ ကိစ္စတွေလည်းရှိပါတယ်။
ဘာလို့လဲဆိုရင် ကျနော်တို့ပြည်သူတွေက ဒီဟာနဲ့ပဲလုပ်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုတဲ့အခြေအနေမှာ အစိုးရကဒီဟာကို စီမံကိန်းကောင်းကောင်း အစီအစဉ်ကောင်းကောင်း လုပ်ပြီးတော့မှ ဈေးကွက်နဲ့ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ကြိုတင်ပြင်ဆင်ပေးဖို့လိုတယ်။” လို့ ပြောပါတယ်။
ကယားပြည်နယ်အတွင်းရှိကျေးရွာပေါင်း (၁၀၀)ရှိတောင်သူတွေရဲ့ ကျေးရွာအလိုက် ဦးစားပေးသီးနှံတွေကို အချက်အလက်လိုက်လံကောက်ခံရာမှာ ပြောင်းသီးနှံက ဒုတိယအများဆုံး ဦးစားပေးစိုက်ပျိုးတဲ့ သီးနှံဖြစ်တယ်လို့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ရဲ့ သီးနှံများရဲ့ ဈေးကွက်ချိတ်ဆက်မှုအတွက် စစ်တမ်းစာအုပ်မှာဖော်ပြပါရှိပါတယ်။
၎င်းစစ်တမ်းအရ သီးနှံတွေကို အရည်အသွေးပြည့်မှီဖို့ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချနိုင်ဖို့ ဈေးကွက်ခိုင်မာဈေးကောင်းရဖို့ သက်ဆိုင်ရာတွေက ဝိုင်းဝန်းကူညီသင့်တယ်လို့ တိုက်တွန်းထားပါတယ်။