spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ကပ်ရောဂါကြောင့် KNPP နဲ့ ပြည်နယ်အစိုးရ လစဉ်တွေ့ဆုံရန် အစီအစဉ်မရှိသေး

Author

Date

Category

မော်ဦးမြာ

ကပ်ရောဂါဖြစ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ လစဉ်ပုံမှန်တွေ့ဆုံရန် အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ(လွိုင်ကော်) မှ ခူးဖိုးရယ်က ပြောပါတယ်။

ခူးဖိုးရယ်က “ လောလောဆယ်ကတော့ အစည်းအဝေးတွေကိုလည်း ရပ်တန့်ထားတယ်လေ အစိုးရကလည်း မလုပ်ဖြစ်ဘူး။ နှစ်ဦးနှစ်ဖက်က ရပ်တန့်ထားတယ်။ ဒီအခြေအနေကြောင့်ပေါ့။ ကပ်ရောဂါကြောင့် မတွေ့ဖြစ်တော့ဘူး ဆိုတဲ့ဟာကို နုတ်နဲ့ပဲ ပြောထားကြတယ်။”လို့ ခူးဖိုးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ လစဉ်ပုံမှန် တွေ့ဆုံသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ခူးထဲဘူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့ပါတယ်။

၎င်းတို့ တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေတဲ့ ကိစ္စများကိုလည်း ပိုသိရှိနိုင်တဲ့အပြင် အပြန်အလှန် ဆက်ဆံရေးကိုလည်း အားကောင်းစေတဲ့အတွက် လုပ်ငန်းစဉ်တခုအနေဖြင့် ထည့်သွင်းထားရန် လိုအပ်တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ မာတီးယာက ပြောပါတယ်။

“ ဒီပုံမှန်တွေ့ဆုံဆွေးနွေးမှုကတော့ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစ်ထောင့်တစ်နေရာမှာ သူက အထောက်အပံ့ဖြစ်မယ် ပြီးတော့မှ အပြန်အလှန်ဆက်ဆံရေး တည်ဆောက်တဲ့နေရာမှာ အားကောင်းချက်တခုလည်း ဖြစ်စေတယ်ပေါ့နော ဆိုတော့ ဒီပုံမှန် တွေ့ဆုံမှုကို မရှိမဖြစ် အစိုးရဖက်အနေနဲ့လည်း ဒါကို ဆက်ပြီးတော့မှ လုပ်ဆောင်သွားဖို့ လိုသလို ဒီ KNPP ဖက်ကလည်း ဒီဟာကို လုပ်ငန်းစဉ်တခုအနေနဲ့လည်း အကောင်အထည်ဖော်ဖို့လိုတယ်ပေါ့နော။ နှစ်ဖက်ရဲ့ အချိန်ပေးနိုင်မှု ရှိခြင်း၊ မရှိခြင်းကို အဓိက ထားတာမဟုတ်ပဲနဲ့ ဒါက ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်သွားနိုင်ဖို့အတွက် နောက်ပြီး နှစ်ဖက်ရဲ့ အပြန်အလှန်ဆက်ဆံမှုနဲ့ အသိအမှတ်ပြုခြင်းအတွက် အကျိုးရှိတဲ့ လုပ်ငန်းတခုဖြစ်တဲ့အတွက် မရှိမဖြစ် လုပ်ဆောင်ရမယ်လေနော။”လို့ မာတီးယာက သုံးသပ် ပြောဆိုသွားပါတယ်။

ကပ်ရောဂါအပေါ်မှာ မူတည်ပြီး ပြန်လည်တွေ့ဆုံမဲ့ အချိန်ကို ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ခူးဖိုးရယ်က ပြောပါတယ်။

“ ဘယ်အချိန်ပြန်တွေ့မလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး အခြေအနေကြောင့်ပဲပေါ့။ ဒီကပ်ရောဂါအပေါ် မူတည်တာပေါ့။”လို့ ခူးဖိုးရယ်က ပြောပါတယ်။

ထိုင်းနဲ့ ကယား(ကရင်နီ)နယ်စပ် ဂိတ်တွေကိုလည်း ခရီးသွားလာမှုတွေကို မလိုအပ်ပဲမပြုလုပ် ပြီးခဲ့တဲ့မတ်လ ၁၇ ရက်နေ့က KNPP ကို ထုတ်ပြန်ကြေငြာထားပါတယ်။

အခုလို ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019/Covid- 19 ) ကာကွယ်ဖို့ လူစုလူဝေးတွေ၊ အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေ မပြုလုပ်ကြဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts