ကန္တာရဝတီတိုင်း( မ် )
နိုဝင်ဘာလ ( ၂၃ ) ရက်နေ့မှာ ကျရောက်မယ့် ၂၇၆၂ခုနှစ် ကယန်းနှစ်သစ်ကူးနေ့ အကြိုပွဲအနေနဲ့ ကျေးရွာဒေသတချို့မှာ ဆိုရင် စစ်ရှောင်တွေနဲ့အတူ ပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။
ဖယ်ခုံမြို့ ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းမှာ ကလေးငယ်တွေအတွက် ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ စာဖတ်ပြိုင်ပွဲ နဲ့ သီချင်းဆိုပြိုင်ပွဲတွေကို နိုဝင်ဘာလ ၂၀နဲ့ ၂၁ ရက်အထိ နှစ်ရက်သာ ကျင်းပခဲ့ကြပါတယ်။
ကယန်းလူမျိုးအများစုနေထိုင်တဲ့ တချို့ဒေသတွေမှာလည်း ကယန်းနှစ်သစ်ကူးအကြိုပွဲအနေနဲ့ အားကစားပြိုင်ပွဲတွေ၊ အက ပြိုင်ပွဲ ကျင်းပတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီနှစ်မှာတော့ စစ်ဘေးရှောင်တွေနဲ့အတူ အကြိုပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုကယန်းနှစ်သစ်ကူးပွဲကို ကျင်းပရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ကယန်းစာပေယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဦးခွန်းလှတိုးက အခုလို ပြောပါတယ်။
“လက်ရှိ နိုင်ငံရေးအခြေအနေ ဘယ်လောက်ထိရှုပ်ထွေးနေပါစေ။ ကမ္ဘာတည်နေသရွေ့ကတော့ ကျနော်တို့ ကယန်းတွေ သည်က သက္ကရာဇ်ရှိနေရမယ်။ အမှတ်ရနေရမယ် သိနေရမယ်။ ဘယ်လောက်ပဲ အခက်ခဲ ကြုံတွေ့နေပါစေ ကိုယ့်ရဲ့ နှစ်သက္ကရာဇ်ရှိနေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်သွားခြင်းပဲဖြစ်တယ်ပေါ့နော။” လို့ ဦးခွန်းလှတိုးက ပြောပါတယ်။
အခုလို အကြိုနေ့အနေနဲ့ ပြိုင်ပွဲတွေပြုလုပ်ခဲ့ပေမယ့် အချိန်အခါမဟုတ်မိုးရွာမှုတွေ၊ ပွဲအတွက် ကုန်ကျစရိတ်အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
သို့ပေမယ့် ဒီလိုပွဲတွေကို ကျင်းပလိုက်ခြင်းအားဖြင့် ဒေသခံတွေကော၊ စစ်ရှောင်တွေပါ ရင်းနှီးမှုတွေပိုတိုးလာပြီး ခဏတာ စိတ်ပျော်ရွှင်မှုတွေရရှိကြဖို့ မျှော်လင့်တယ်လို့ ပွဲကျင်းပနေတဲ့သူတွေက ဆိုကြပါတယ်။