(စိတ်ဝင်စားဖွယ် တိုုင်းရင်းသားဒေသ ခရီးသွားစာစုု)
မင်းဂေါလ်လိုုက်ခ်ရွှေရေးသားသည်။
ဆင်ဖြူတောင်ကြောသည် လွိုင်ကော်မှ ဖရူဆို ထိုမှတဆင့် လိပ်သို တလျောက် သွယ်တန်းနေသော တောင်ကြော ဆိုလဲ မမှားပါဘူး။
ဖြစ်ချင်တော့ လေယာဉ်ပေါ်မှဆင်း၊ ပစ္စည်းစု၊ မနက်စာ စားပြီးသည်နှင့် လွိုင်ကော်မှ ဟိုယာကျေးရွာသို့ ခရီးဆက်လာခဲ့သည်။ ၃ နာရီခန့် ကြာမြင့်သည်။ ရည်မှန်းချက်ကတော့ ခေါသမော့တောင်တက်ရန်ဖြစ်သည်။
လွိုင်ကော်မှ ထွက်လာပြီး ၁ နာရီခန့်အကြာတွင် “ထီးပရူနူ သဘာဝလိုဏ်ဂူ” ကို ရောက်ရှိပါလိမ့်မည်။ ကယောဒေသ၏ အမွေအနှစ်တခု ဆိုရင်လဲ မမှားပါ။ သက်ရင့်ကျောက်များပင် ရှိသည်ဟု ယုံကြည်ရသည့်အတွက် သုတေသနပြု မှတ်တမ်း တင်နိုင်ရန် ကြိုးစားနေကြဆဲ။
ဒီလိုဏ်ဂူသည် ပြောရမည်ဆိုလျှင် ယခင့် ယခင်ကတည်းရှိခဲ့သော်လည်း လူသိမများခဲ့။ ပြီးခဲ့သော တနှစ်ခန့်မှ ဒေသတွင်း စတင်ခေတ်စားလာခဲ့သည့် လိုင်ဂူ ဖြစ်လာပြီး ဆိုရှယ် မီဒီယာမှ တဆင့် ပိုခေတ်စားလာခဲ့ကာ စည်ကားလျှက်ရှိသည်။
လိုင်ဂူသို့ဆင်းရာလမ်းသည် ကားလမ်းနဘေးမှ သွားလျှင် ၈-၁ဝ မိနစ်ခန့် တောင်ဆင်းကဲ့သို့ လမ်းလျှောက်ရသည်။ သွားရာလမ်းတလျောက်တွင် အမှိုက်ပုံးများ ထားရှိထားသည်။ လိုဏ်ဂူအဝမှတဆင့် အထဲကို ထပ်မံဆင်းရသေးသည်။ နက်စောက်ပြီး အဆင်းတွင် ခက်ခဲပေသည်။ အန္တရာယ်ရှိနိုုင်သည်။
နက်စောက်သည့်အတွက် လှေကား စနစ်တကျ လုပ်နိုင်က ကောင်းမည်။ ယခုလောလောဆယ် ဝါးပိုးလုံး တလုံး တန်းထားပြီး လှေကားသဏ္ဍာန် ဖန်တီးထားသည်။ လှေကားထစ် ၂ဝ ကျော်ပါသည်။ ဘေးတွယ်ကပ် တက်ရသည်လည်း ရှိသည်။ အောက်ဆင်းပြီး လိုင်ဂူထဲ ရောက်သွားလျှင် စိမ့်ခနဲ အေးသွားပြီး ဝိညာဉ်ပင် ပျောက်သွားလုနီးနီး ပကတိ ငြိမ်းအေးမှု တရပ်ကို ခံစားသွားရမည် ဖြစ်သည်။
မှတ်ချက်။ အမြင့်ကြောက်သူများ မသွားသင့်။ မတ်စောက်နေသည့် အပြင် ရေညှိများတွယ်ကပ်နေသော ကျောက်တုံးများလည်း ချောနေသေးသည်။
ဆင်ဖြူတောင် ကားလမ်းတလျောက် သစ်ပင်ကြီးများကို မတွေ့ရ။ သို့သော် လဘက်ပင်၊ လိမ္မော်ပင်၊ သရက်ပင် နှင့် ရွေ့ပြောင်း တောင်ယာ အများအပြားကို တွေ့ရသည်။
ရာဧပရားကျေးရွာကို ဖြတ်လျှင်လည်း ဌာနေတိုင်းရင်းသား ကယော အများစုကို တွေ့ရမည် ဖြစ်သည်။ နားတွင် ရိုးရာ ချိပ်သီးအကြီးကြီးများကိုဆွဲခြင်း၊ လည်ပင်း နှင့် လက်ကောက်ဝတ်များတွင် ငွေပြား ဆွဲပြားကြီးများကို ဝတ်ဆင်ထားသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
ပို၍ ရိုးရာဆန်သည်မှာ ခြေသလုံး ဒကောက်ကွေးနေရာ နှင့် ခြေကျင်းဝတ်နေရာတွင် ရိုးရာ ကြေးထည် ကွင်းဆက်ကြီးများကို ဝတ်ဆင်ထားကြခြင်း ဖြစ်ပါသည်။
ဟိုုယာရွာသိုု့ ညနေ ၃ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး၊ ညနေ ၄ ချက်တီးတွင် ရွာရှိ သင်းအုပ် ဆရာ- ကိုယ်တော် ဂျိုးဇက်၏ အကူအညီဖြင့် ကျောင်းသား လူငယ် ၄ ယောက်မှ ဦးဆောင်ကာ ခေါသမော့တောင် (၅၆၇၂ ပေ) ထိပ်ဆီသို့ တက်ရောက်ရန်စီစဉ်နိုင်ခဲ့သည်။
မလိုုအပ်သည့် ပစ္စည်းများကိုု ကားပေါ်တွင် ထားခဲ့ပြီး၊ အဓိက လိုုအပ်ပစ္စည်းများ ဖြစ်သည့် သောက်ရေ၊ ထမင်းအိုး၊ ဟင်းအိုး၊ ဆန်၊ စားစရာများ၊ မီးခြစ်၊ ဓါး၊ ပေါက်ဆိန်၊ အိပ်ယာလိပ်၊ စောင်၊ လက်အိတ်၊ ခြေအိတ် စသည့်ဖြင့် လိုုအပ်ပစ္စည်းများ ကိုုယ်ပိုုင် တထမ်းစာအတွက် ပြင်ဆင်ပြီး ခရီးစထွက်ခဲ့ကြပါသည်။
ဟိုယာကက်သလစ်ဘုရားရှစ်ခိုးကျောင်းသည် ကိုယ်တော် ၂ ပါး၊ စစ္စတာ ၄ ပါး နှင့် ကျောင်းအိပ်ကျောင်းစား ကျောင်းသူ ကျောင်းသားပေါင်း တစ်ရာကျော် ရှိသည်။
ပြောရမည်ဆိုလျှင် ခရစ်ယာန် အယူအဆအရ ဒုက္ခဆင်းရဲမှ လွတ်မြောက်ရာ ခရစ်တော်ကို ချီးမြောက်သော အားဖြင့် ဟိုယာ ရွာသူ၊ ရွာသားများ အနေဖြင့် ဝါဝင် ဝါထွက် ၃ လတာ (ဧပြီလအထိ) တောင်ထိပ် ၃ ခုလုံးကို တက်ကာ ဆုတောင်းပနာ ပြုကြသည့် ဓလေ့ရှိကြသည်။ ယင်းတို့အထဲမှ ခေါသမော့ တောင်သည် အမြင့်ဆုံး ဖြစ်သည်။ အခြားတောင်ထိပ် ၂ ခုမှာ ယူထိုကော့တောင် နှင့် ပရယ်ကြာခိုရှိုတောင်တို့ ဖြစ်သည်။
ခေါသမော့တောင်သည် ပင်လယ် ရေမျက်နှာပြင်အမြင့် (၅၆၇၂ ပေ) ရှိသည်။ တောက်ကုန်း ၆ ကုန်းကို အဆင့်ဆင့်တက်ကာ ၁ နာရီခွဲကြာ လျှောက်ရသည့် မက်စောက်သည့် တောင် တခု ဖြစ်သည်။ယင်းတောင်များထဲတွင် ခေါ့သမော့သည် အမြင့်ဆုံးဖြစ်သည်။
တောင်ထိပ်ပေါ်မှ ကြည့်လျှင် လီခူပရားရွာကို တွေ့မြင်နိုင်သည်။ သာယာလှသည်။ တအားကြီးမအေးလှပေ။ ၁၃ C ံ လောက်သာ ရှိမည် ဖြစ်သည်။ သစ်ပင်ကြီးများ မပေါက်၊ ဝါး မပေါက်၊ ရေ မရှိ၊ သစ်ပင်ငယ်များသာ ရှိသည်။ မီးဖိုရန် ထင်းအတွက် ကောင်းလှသည်။
ဆိုးတာက အိမ်သာတက်ရတာ။ တောင်စောင်းဖြစ်သည့်အတွက် တောထိုင်ရ အတော်ခက်သည်။ သစ်ပင်ကိုင်းလေးကို လှမ်းဆွဲပြီး နောက်ပြန် မလန်အောင် တက်ရသည်မှာလည်း သည်းထိတ်ရင်ဖို၊ ထိတ်တလန့်လန့် နှင့် ဖင် တအေးအေး။ နောက်ပြန်လန်ကျသွားခဲ့ရင်တော့ ရေ မရှိတဲ့ အရပ်မှာ… ဟင်း။
ဟိုယာရွာသည် ပုံမှန်ဈေးမရှိ။ ဆိုင်ကယ်ဈေးရောင်းသမားများ ငါး နှင့် အခြား ဟင်းသီးဟင်းရွက်များကို လာရောင်းချလေ့ရှိသည်။ နုတ်သီးချွန် အိမ်မွေးဝက်များ နှင့် ကြက်များသည်လည်း ဟိုဟိုဒီဒီ လှည့်လည် ကျက်စားလျှက်ရှိသည်။
ကယော ကျေးလက် ကျန်းမာရေးဌာန နှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာန တခုကို တွေ့မြင်ရသလို ကယော ဆောက်လုပ်ရေးကုမ္ပဏီ တခုသည်လည်း လမ်းများ ပြင်နေသည်ကို တွေ့ရှိရပေမည်။