မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)
ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေက ပိုးမပြန့်အောင် ART လို့ ခေါ်တဲ့ ရောဂါပိုးထိန်းဆေးကို ပုံမှန်သောက်သုံးပေးမှ နောက်ဆက်တွဲရောဂါတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။
ကရင်နီပြည်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် လူထုတွေဟာ နေရာဒေသအသီးသီးမျာ ပြန့်ကျဲကာ စစ်ဘေးရှောင်နေထိုင်ကြရပြီး လူထုတွေဆီကိုဆေးဝါးဖြန့်ချီနိုင်ရေး စစ်ကောင်စီကတားဆီးပိတ်ပင် ထားပါတယ်။
အထူးသဖြင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူထုတွေက စစ်ကောင်စီရဲ့ အစစ်ဆေးတွေကို ကျော်ဖြတ်ပြီး ဆေးယူဖို့ စစ်ကောင်စီထိန်းချုပ်နယ်ဆီကို သွားကြရပါတယ်။
အကြောင်းက ART ဆေးကို အစိုးရကျန်းမာရေးဌာန အောက်မှာပဲ ရယူလို့ရပြီး သာမာန်ဆေးရုံဆေးခန်း တွေမှာမရနိုင်တာကြောင့်ပါ။
ပဋိပက္ခကာလအတွင်း ကရင်နီပြည်တွင်းမှာ HIV ဆေး ပေးဝေ၊ ကုသရေး ဘယ်လိုရှိလဲ၊၊
လက်ရှိ ကရင်နီပြည်မှာတော့ ကြားကာလအစိုးရ အဖြစ်ရှိနေတဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ကျန်းမာရေးဌာနကတော့ ART ဆေးတွေကို ထုတ်ပေးနိုင်တာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်မှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်း ( ၅ ) ခုထက်မနည်းရှိပြီး ကိုယ်ထူကိုယ်ထ ဆေးပေးခန်း၊ ဆေးရုံတွေလည်း ရှိနေပေမဲ့ HIV ပိုး ထိန်းပေးတဲ့ ART ဆေးကိုတော့ ကရင်နီ တော်လှန်ရေး ထိန်းချုပ်နယ်မြေမှာ မရနိုင်ပါဘူး။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ IEC ကဖွင့်လှစ်ထားတဲ့ ဆေးရုံ ( ၂ ) ရုံ ရှိပြီး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းပေါင်း ( ၃၃ ) လုံး ရှိတယ်လို့ IEC ကပြောထားပါတယ်။
ART ဆေးတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ထဲက စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနတွေမှာပဲ ရယူနိုင်ပါတယ်။
တစ်လေးလုံး စစ်ဆေးရေး မတိုင်ခင်တုန်းကတော့ စစ်ကောင်စီ ယန္တရားပျက်စီးသွားတဲ့ နယ်မြေတွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲနဲ့ ရှားတော မြို့နယ်က HIV လူနာတွေအနေနဲ့ကတော့ လွိုင်ကော်မြို့တက်ပြီး ART ဆေးတွေရယူကြတာပါ။
အလားတူပဲ ရှမ်း-ကရင်နီနယ်စပ်ဒေသက ဖယ်ခုံမြို့နယ်အတွင်း နေထိုင်တဲ့ ဒေသခံ၊ စစ်ဘေးရှောင်တွေကလည်း လွိုင်ကော်မြို့ပေါ်ကိုပဲ ဆေးလာယူကြရပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် လွိုင်ကော်မြို့ပေါ် (၁၁.၁၁) တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း မြို့တွင်းအစိုးရယန္တရားပျက်စီးသွားခဲ့ပြီး လူထုတွေလည်း ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ART ဆေးကို ရယူဖို့ခက်ခဲလာပါတယ်။ဒါ့ကြောင့်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အထိ ART ဆေး သွားယူရတယ်လို့ ဆေးရယူ နေသူတွေက ပြောပါတယ်။
ဆေးတခေါက်သွားယူရင် သုံးလစာရလာပေမဲ့ ခရီးစရိတ်က ဒီးမော့ဆိုမြို့ကနေ တောင်ကြီးမြို့အထိကို ကျပ် နှစ်သိန်းနဲ့အထက် ကုန်တယ်လို့ ART ဆေးယူနေရတဲ့ ဒီးမော့ဆိုမြို့ခံ အမျိုးသားတဦးက ဆိုပါတယ်။
ART ဆေး အစုံမရတော့တဲ့ မြို့တော်လွိုင်ကော်
စစ်ကောင်စီက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တနည်းအားဖြင့် တစ်လေးလုံး စစ်ဆင်ရေး ငြိမ်သွားတဲ့ ၂၀၂၄ ခုနှစ် ဇွန်လကစလို့ အုပ်ချုပ်ရေး ယန္တရားတွေကို ပြန်လည်ဖော်ဆောင်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
အဲဒီနောက် လွိုင်ကော်မြို့တွင်း ART ဆေးတွေထုတ်ပေးတဲ့ HIVနဲ့ ကာလသား ဌာန (ခုခံအားကျဆင်းမှုရောဂါနှင့် ကာလသားရောဂါ ကုသရေးဌာန) ကလည်း သြဂုတ်လမှာ ART ဆေး ပြန်ပေးနိုင်ခဲ့တယ်လို့ ဆေးရယူနေသူတွေဆီက သိရပါတယ်။
“တောင်ကြီးက အစုံရတယ်။ လွိုင်ကော်က အခုထပ်တောင်းတော့လည်း ပထမအဆင့်ဟာပဲရတယ်။ ကျန်တာက မရနေသေးဘူး” လို့ ART ဆေးသောက်သုံးနေရသူတဦးက ပြောပါတယ်။
လွိုင်ကော်မြို့မှာ ART ဆေးပြန်ရပေမဲ့လည်း လက်ရှိအချိန်အထိ HIV ဗိုင်းရပ်စ်ပိုး အဆင့် ၁ ရှိတဲ့ ကူးစက်ခံရသူအတွက်သာ ရနိုင်တော့တာပါ။ လက်ရှိမှာတော့ လွိုင်ကော်မြို့တွင်း ART ဆေးယူနေရသူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ART ဆေးသောက်နေတဲ့ လွိုင်ကော်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
HIV ဗိုင်းရပ်စ် ပိုးက အဆင့် ၄ ဆင့်အထိရှိတာဖြစ်ပြီး ပိုးကူးစက်ခံရမှု အဆင့်အလိုက် ဆေးသောက် သုံးရတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အစိုးရကျန်းမာရေးဌာနမှာတော့ ARTဆေး အမျိုးမျိုးကို ရရှိနိုင်သေးတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း အမေရိကန်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတခုဖြစ်တဲ့ USAID အကူအညီ ဆိုင်းငံ့လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း HIV ပိုးရှိသူတွေအတွက် ART ဆေး ရရှိနိုင်ရေးလုပ်ငန်း၊ ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ တီဘီရောဂါ ရှာဖွေစစ်ဆေးရေး၊ ကြိုတင်ကာကွယ်ရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသရေး ဝန်ဆောင်မှု စတာတွေကို USAID က အဓိကထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
အကူအညီဆိုင်းငံ့မှုကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၅၀ မှာ HIV ကုသမှုနဲ့ တခြားဝန်ဆောင်မှုတွေလည်း ပျက်ပြားကုန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ART ဆေးမရတော့မှာကို ဆေးမှီဝဲနေရသူတွေ စိုးရိမ်
ကရင်နီပြည်တွင်း ART ဆေးသောက်သုံးနေရသူတွေက လွိုင်ကော်မြို့နဲ့ တောင်ကြီးမြို့က အစိုးရကျန်းမာရေးဌာနကိုပဲ မှီခိုနေကြရတာပါ။
ဒါပေမဲ့ USAID ရဲ့ အကူအညီကို အဓိကမှီခိုနေရတဲ့ HIV တားဆီးကာကွယ်လုပ်ငန်းစဥ်တွေက ရပ်ဆိုင်းနိုင်ချေရှိလာတာပါ။ ရပ်ဆိုင်းလိုက်တဲ့ USAID အကူအညီကလည်း ပြန်ရနိုင်ချေမရှိဘူးလို့ NGO အဖွဲ့အစည်းတွေက ထင်ကြေးပေးနေကြပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ HIV ပိုးကူးစက်နှုန်း မြန်ဆန်တဲ့ နိုင်ငံတခုဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV ပိုးရှိနေသူ ၂၈၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းရကြောင်း WHO ကပြောပါတယ်။
အဲဒီအချိန်တုန်းကတော့ HIV တိုက်ဖျက်ရေး အစီအစဥ်တွေ ရှိခဲ့ပေမဲ့ လက်ရှိပဋိပက္ခဖြစ်နေတဲ့ ကြားကာလအနေအထားအရ ကရင်နီပြည်တွင်းမှာ HIV ကာကွယ်၊ တိုက်ဖျက်ရေး လုပ်ငန်းစဥ်တွေမရှိတော့ပါဘူး။
“ဆေးမရတော့မှာမျိုး၊ ဆေးပြတ်သွားတာမျိုးဖြစ်မှာ အရမ်းစိုးရိမ်ရပါတယ်။ ဆေးပြတ်ရင် ရောဂါတွေဖြစ်လာမှာလေ၊ အခြားမြို့မှာသွားယူရင်လည်း ကုန်ကျစရိတ်များလို့ မတတ်နိုင်ဘူးလေး” လို့ ART ဆေးသောက်နေရတဲ့ အမျိုးသမီးတဦးကပြောပါတယ်။
စားဝတ်နေရေးအတွက်၊ ဝင်ငွေအတွက် ရရာလုပ်ငန်းကို လုပ်ကိုင်လာကြသလို၊ ကျန်းမာရေး အသိပညာပေးမှုလည်း အားနည်းလာတာကြောင့် ကိုယ်ခံအားကျဆင်းစေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒေသခံနဲ့ စစ်ဘေးရှောင် လူဦးရေ ၁၀၀,၀၀၀ ကျော်ရှိတဲ့ ဒီးမော့ဆိုမြို့နယ်မှာတော့ ART ဆေးဝါးသုံးစွဲနေရတဲ့ လူနာဦးရေကို အတိအကျမသိရပေမဲ့ ကိုယ်ထူကိုယ်ထဆေးပေးခန်းတခုမှာတော့ ART ဆေးသောက်နေရသူ အယောက် ၂၀ ဆေးခန်းလာပြနေတယ်လို့လည်း ဆေးပေးခန်းတာဝန်ခံ ကပြောပါတယ်။
နိုင်ငံတကာ အကူအညီဖြတ်တောက်မှုကြောင့် လာမယ့် ၅ နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ HIV ပိုးကူးစက်ခံရသူ ၁၀ ဒဿမ ၈ သန်း ရှိလာနိုင်တယ်လို့လည်း မတ်လ ၂၆ ရက်နေ့ထုတ် The Lancet HIV ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။
ဒီလိုအကြပ်အတည်းတွေကြားမှာ ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကူးစက်မှုများလာပါက 2030 မှာ HIV နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှု ၂ ဒသမ ၉ သန်းအထိ ရှိလာမယ်လို့လည်း The Lancet HIV ဆိုထားပါတယ်။