ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေဒေသခံပြည်သူတွေဟာ တုပ်ကွေး ရောဂါကို အနည်းနဲ့အများ ခံစားနေကြရပါတယ်။ ရာသီကူးပြောင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါဟာ ရာသီမရွေးတော့ဘဲ ၁၂ ရာသီ လုံးလုံး ဖြစ်နေတာကို ကြားသိရပါတယ်။
တုပ်ကွေးရောဂါဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် ကရင်နီစစ်ရှောင်တွေအဖို့တော့ တောတောင်ထဲ နေထိုင်ကြရတာတွေ၊ သန့်ရှင်းတဲ့ရေ မရရှိမှုအပါအဝင်၊ မသန့်ရှင်းတဲ့ပတ်ဝန်းကျင်တွေကြောင့် ရာသီတုပ်ကွေး ရောဂါကို ရာသီမရွေးဖြစ်စေတဲ့အကြောင်းရင်းတွေ ဖြစ်လို့နေပါတယ်။
ရာသီတုပ်ကွေးရောဂါဟာ နှစ်စဉ် တုပ်ကွေးရောဂါ ပျံ့နှံ့မှုနဲ့ သွင်ပြင်လက္ခဏာတွေနဲ့ နှစ်စဉ် ထပ်တလဲလဲ ဖြစ် စေပါတယ်။
ရာသီတခုချင်းစီမှာ တုပ်ကွေးရောဂါဖြစ်ပွားတဲ့ တည်နေရာဟာ နေရာဒေသအလိုက် ကွဲပြားကြပေမဲ့ တုပ်ကွေးရောဂါဟာ အသေးစားကူးစက်မှုကနေ အပြင်းထန်ဆုံးကူးစက်မှုရောက်ဖို့ သုံးပတ်ခန့် ကြာနိုင်ပြီး၊ နောက်ထပ် ၃ ပတ်မှာ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။
ဒါတွေအပြင် ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေဟာ တခြားသော ကိုဗစ်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ငှက်ဖျားရောဂါ ၊ တိုက်ဖိုက်ရောဂါ စတဲ့ ရောဂါတွေတဲ့ ဆင်တူလက္ခဏာတွေ ပြလေ့ရှိတာကြောင့် ရောဂါကို သေချာသိဖို့လိုပါတယ်။
ဒါကြောင့် ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ဘယ်လိုကုသမှုတွေ ခံယူရမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။
ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခာဏာများ
ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ဖျားတာ ၊ ချောင်းဆိုးတာ (ချောင်းခြောက် ဆိုးတာ)၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အရိုးအဆစ်များ နာကျင်ကိုက်ခဲတာ၊ မောပန်းလွယ်တာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ စတာတွေ ပြလေ့ရှိတယ်။
တချို့ အအေးမိတာကလည်း အထက်ပါ လက္ခဏာတွေကို ပြလေ့ရှိတာကြောင့် အဖျားရှိပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီကျော်အထိတက်တာ၊ ကိုယ်လက်ကိုက်ခဲပြီး နှုံးချိချိခံစားရတာတွေက တုပ်ကွေးရောဂါမှာ ပိုတွေ့ရပါတယ်။
ဒါ့အပြင် အဖျား ၃ ရက်ထက်ကျော်လာတာ၊ လည်ချောင်းက တခုခုမျိုချရင် နာကျင်တာ၊ ချောင်းဆိုးတာ ၃ ပတ်ကျော်လွန်တာ၊ နှာရည်တောက်လျှောက်ယိုပြီး ခေါင်းအရမ်းကိုက်တာတွေက တုပ်ကွေးရောဂါ မှာ ပြလေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
အဆိုပါလက္ခဏာ ၄ ခု ပြလာရင် ပိုဆိုးတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနဲ့ ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ရာသီတုပ်ကွေးရောဂါဟာ ကိုယ်ခံအားကောင်းနေသူအဖို့ အလိုလိုနေရင်း ပြန်ပျောက်သွားတယ်ဆိုပေမဲ့ ကလေးငယ်ငယ်လေးတွေနဲ့ အသက်ကြီးသူတွေ၊ ရောဂါတခုခုအခံရှိသူတွေ ဥပမာ -နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါခံစားရသူတွေ၊ ဆီးချို/သွေးချိုရောဂါခံစားရသူတွေ၊ နာတာရှည်ရောဂါ ခံစားရသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေဟာ တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ နမိုနီးယားအဆုတ်ရောင်ရောဂါလို ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ရာသီအကူးအပြောင်းကာလတွေမှာ တုပ်ကွေးဖြစ်ရင် မပေါ့ဆသင့်ပါဘူး။
ရာသီတုပ်ကွေးကူးစက်ပြန့်ပွားမှုနဲ့ ရောဂါမဖြစ်ပွားအောင် ဘယ်လိုကာကွယ်မလဲ
ရာသီတုပ်ကွေးရောဂါဟာ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ အသက်ရှူလမ်းကြောင်းမှတဆင့် လူတဦးနဲ့ တဦးကို ကူးစက်နိုင်သလို တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို တိုက်ရိုက်ရှူရှိုက်မိတဲ့အခါ (ဒါမှမဟုတ်) ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင် တခုခုကနေတဆင့် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်နိုင်ပါတယ်။
ဒါတွေအပြင် တကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာကလည်း တုပ်ကွေးရောဂါကို ကူးစက်နိုင်ပါတယ်။
တုပ်ကွေးရောဂါလက္ခဏာမဖြစ်ပွားမီ (၁) ရက်နေ စတင်ကူးစက်နိုင်သလို ရောဂါဖြစ်ပြီး (၇) ခန့်အထိ ကူးစက်နိုင်ပြီး ကလေးငယ်နဲ့ ကိုယ်ခံအားနည်းသူတွေမှာ (၇) ရက်ထက်တောင် တုပ်ကွေးရောဂါကူးစက် နိုင်ပါတယ်။
ရာသီတုပ်ကွေးရောဂါကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဟာ မပြင်းထန်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့မလိုအပ်တာ၊ ကာကွယ်ဆေးထိုးတာကြောင့် တုပ်ကွေးပိုဖြစ်စေပြီး ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတာ၊ ကာကွယ်ဆေးက အကျိုးသက်ရောက်မှု မရှိစေတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကာကွယ်ဆေးမထိုးသင့်တာ စတဲ့ အယူအဆတွေဟာ မှားတဲ့ အယူအဆတွေဖြစ်ပါတယ်။
ကိုယ်ခံအားရှိဖို့နဲ့ အာဟာရ ပြည့်ဝတဲ့ အစားသောက်တွေစားပြီး အိပ်ရေးဝဝ အိပ်ပေးတာကလည်း ရာသီ တုပ်ကွေးကို ကာကွယ်ပြီးသားဖြစ်သလို လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ လိုအပ်လို့ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတပ်ဆင်ပြီး၊ နှာချေတဲ့အချိန်နဲ့ ချောင်းဆိုးတဲ့အချိန်တို့မှာ နှာခေါင်း၊ပါးစပ်ကို အုပ်ထားရမှာ ဖြစ်ပါတယ်။
လက်ကိုမကြာခဏဆေးပြီး လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မကြာခဏ ပွတ်သပ်တာမျိုး မပြုလုပ်သင့်ပါဘူး။ မိမိရဲ့ နေအိမ်မှာ ဖျားနာနေတဲ့သူရှိရင် သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ နေရမှာဖြစ်သလို အသုံးအဆောင်ပစ္စည်းတွေကိုလည်း မျှဝေသုံးစွဲတာတွေကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
တုပ်ကွေးရောဂါခံစားရလျှင် ဘယ်လိုနေထိုင်မလဲ
ရာသီတုပ်ကွေးဖြစ်ပြီး ဖျားနေတဲ့အချိန်အတွင်း အနားယူတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေ ဖျားနေတယ်ဆိုရင်လည်း အိမ်မှာအနားယူစေပြီး ကျောင်းမပို့သင့်ပါဘူး။
တုပ်ကွေးအတွက် သဘာဝကုထုံးကတော့ ရေများများသောက်ပေးဖို့ပါပဲ။ ရေများများသောက်ပေးခြင်းဖြင့် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သလို၊ လည်ချောင်းတွင်းက ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။
တုပ်ကွေးဖြစ်နေချိန်မှာ ဖျားတာ၊ ဝမ်းပျက်တာတွေကြောင့် ရေဓာတ်ဆုံးရှုံးစေနိုင်သလို၊ ပုံမှန်မစားသောက် ပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ အုန်းရည်၊ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည်၊ အရည်ရွှမ်းတဲ့အသီးအနှံတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
ဖျားနေတဲ့အချိန်မှာ ပုံမှန်စားနေကျ အစားအသောက်တွေကို စားသောက်ပေးရမှာဖြစ်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားပေးရမှာဖြစ်ပါတယ်။
ရာသီတုပ်ကွေးကြောင့် ဖျားနေတဲ့အခါ သူတပါးကိုမကူးစေဖို့ နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို မိမိရဲ့ လက်တံတောင်ဆစ် (သို့မဟုတ်) လက်မောင်းနဲ့အုပ်ပြီး ချောင်းဆိုတာ (သို့မဟုတ်) လက်ကိုင်ပုဝါ၊ တစ်သျှူးတွေနဲ့ ပါးစပ်ကို အုပ်ပြီး ချောင်းဆိုတာတွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မိမိအသုံးပြုပြီးတဲ့ လက်ကိုင်ပုဝါနဲ့ တစ်သျှူးတွေကိုလည်း စနစ်တကျ စွန့်ပစ်ရပါမယ်။
တုပ်ကွေးဖြစ်ပြီး ဖျားနေတဲ့အချိန်မှာ ပဋိဇီဝဆေး (ဘက်တီးရီးယားပိုးတွေကို ကုသတဲ့ဆေး) မသောက်သုံးသင့်ပါဘူး။အအေးမိခြင်းနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေအတွက် ကုသနိုင်တဲ့ဆေး မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်အရ သိရပါတယ်။
သို့ပေမယ့် ကိုယ်ခံအားနည်းသူတွေနဲ့ နာတာရှည်ရောဂါခံစားရသူတွေမှာ တုပ်ကွေးရောဂါဖြစ်တဲ့အခါမှာ ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးမှ ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
ကိုးကား – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) website, NUG MOH website.