spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်အရေးတွေမှာ တက်ကြွစွာပါဝင်နေတဲ့ တိုင်းတပါးရောက် “ ပိုပိုလေး ”

Author

Date

Category

“ အမျိုးသမီးကဏ္ဍ “

ကရင်နီစစ်ရှောင်အရေးတွေမှာ တက်ကြွစွာပါဝင်နေတဲ့ တိုင်းတပါးရောက် “ ပိုပိုလေး ”

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီစစ်ရှောင်တွေအတွက် ပြုလုပ်တဲ့ ရံပုံငွေရှာဖွေပွဲ၊ ဈေးရောင်းပွဲတော်နဲ့ ဘောလုံးပွဲ စတဲ့ အခမ်းအနားတွေမှာ ရှေ့ကနေ မိုက်ကိုင်ပြီး တက်ကြွစွာ အမြဲပါဝင်သူကတော့ အသက် ၂၉နှစ်အရွယ် ကရင်နီပြည်ဖွား လူငယ်အမျိုးသမီး “ ပိုပိုလေး” ပဲဖြစ်ပါတယ်။

သူမကတော့ မလေးရှားနိုင်ငံရောက် ကရင်နီလူငယ်တွေကနေ ဖွဲ့စည်းထားတဲ့ “မလေးရှားကရင်နီလူငယ်အဖွဲ့အစည်း” ကနေ အဆိုပါ ပွဲတွေကို ကျင်းပကြတဲ့အခါမှာ ပရိသတ် အနည်းဆုံး ၇၀၀ လောက်ရှိတဲ့ ခန်းမထဲ ပွဲ စ/လယ်/ဆုံး စည်စည်ကားကား၊ သေသေသပ်သပ် ပြီးဆုံးနိုင်ဖို့ MC လို့ခေါ်တဲ့ အခမ်းအနားမှူးတာဝန်နဲ့ အမြဲတမ်းပါဝင်ခဲ့သူပါ။

ပိုပိုလေးကတော့ မိသားစုကို ထောက်ပံ့နိုင်ရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ မလေးရှားနိုင်ငံကို ဆယ်ကျော်သက်အရွယ်ကတည်းကပင် ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မလေးရှားနိုင်ငံ အီလက်ထရောနစ်စက်ရုံတခုမှာ အလုပ်လုပ် နေပါတယ်။ အားလပ်ရက်တွေမှာတော့ သူမရဲ့ ဝါသနာပါတဲ့ ပရဟိတ အလုပ်တွေနဲ့ ကုန်ဆုံးနေခဲ့ရပါတယ်။

“ လူတွေအများကြီးရဲ့ရှေ့မှာ ကိုယ်ကစင်ပေါ်မှာ။ အောက်မှာလူတွေအများကြီး ပဲ ဆိုတော့ ကိုယ်ပြောတဲ့စကားလုံးတွေမှာ အမှားပါသွားတာတို့၊ အဆင်မပြေ ဖြစ်သွားမှာတို့တွေ အစပိုင်းမှာဆိုအများကြီး ဂရုစိုက်ရတယ်ပေါ့နော။ ကြောက်စိတ်ကတော့ ပထမပိုင်းမှာဆို အခုနောက်ပိုင်းမှ နည်းနည်းနေသားကျ သွားတယ်၊ အဆင်ပြေသွားတယ်လို့ ပြောလို့ရတယ်ပေါ့နော။ ပွဲတွေကလည်း အများကြီးကျော်ဖြတ်လာပြီးပြီဆို‌တော့လေး။ ပထမစလုပ်တဲ့ အတွေ့အကြုံဆို အရမ်းကြောက်ခဲ့တယ်။ မိုက်ကိုင်တာတောင် လက်တွေဘာတွေတုန်တဲ့ အဆင့်ထိ အဲလိုမျိုးတွေဘာတွေ ရှိတယ်။ အသံတွေဘာတွေလည်း တုန်တယ် ပေါ့နော။ လူတွေအများကြီးရှေ့မှာမှ ပထမဆုံးအတွေ့အကြုံက အရမ်း ကြောက်ခဲ့ပါတယ်။ ခြေတုန် လက်တုန်ပါပဲ။ “

ပိုပိုလေးဟာ MC အလုပ်ကို လုပ်ကိုင်တဲ့အခါ ဝါသနာကိုအရင်းခံပြီး လိုအပ်ချက်အရ လုပ်ဆောင်ရတာ ဖြစ်သလို ဒီအလုပ်ကို စနစ်တကျ သင်ယူလေ့လာထားတဲ့ ပညာရပ်မဟုတ်တဲ့အတွက် သူမအတွက် တခါတလေ စိန်ခေါ်မှုရှိတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ စစ်ရှောင်ပြည်သူတွေအတွက် ရံပုံငွေရှာဖွေတဲ့ပွဲတွေ လုပ်ကိုင်လာတဲ့အရေအတွက်ဟာ ၁၀ ပွဲဝန်းကျင်ရှိနေပါပြီ။ ပွဲ တပွဲ စီကနေ အနည်းဆုံး ရရှိတဲ့ ရံပုံငွေဟာ ရင်းဂစ် ၃ သောင်းကနေ ၄ သောင်းအထိ (မြန်မာငွေ ကျပ်သိန်း ၃၀၀) ရရှိတယ်လို့ “မလေးရှားကရင်နီလူငယ်အဖွဲ့အစည်း” ရဲ့ စာရင်းအရ သိရပါတယ်။

ရရှိလာတဲ့ ရံပုံငွေတွေကို ကရင်နီပြည်က စစ်ရှောင်တွေလိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာ စတဲ့ နေရာတွေမှာ ပြန်လည်ပေးပို့ပေးတာ ဖြစ်ပါတယ်။

ဒီလိုအများပြည်သူတွေအတွက် အကျိုးရှိတဲ့ အလုပ်တွေအတွက် တတ်နိုင်တဲ့ ဖက်က‌နေ ပါဝင်ခွင့်ရတဲ့အတွက် သူမကိုယ်သူမ ကျေနပ်အားရခဲ့တယ်လို့ ပိုပိုလေးက ပြောပါတယ်။

“ဒါကတော့ ပြောပြလို့မရတဲ့ ပီတိပေါ့နော။ ဒီကိုယ်ပါဝင်လိုက်တဲ့ ရံပုံငွေပွဲတခုက ခုနပြောသလိုပဲ ကျမတို့ပြန်လှူတဲ့အခါမှာ ကဏ္ဍအသီးသီးမှာ ပါဝင်လှူဒါန်းတယ်။ ဒီစစ်ရှောင်တွေအတွက်လည်းပါတယ် ဆိုတော့ အရမ်းခက်ခဲတဲ့ နေရာတွေမှာရောက်သွားတယ်ဆိုတဲ့ဟာမျိုး၊ ဒီနေရာမှာ ကိုယ်လှူလိုက်တယ် အရမ်းအဆင်ပြေသွားတယ်လို့ ပြန်ကြားရတဲ့အခါမှာ ပြောပြလို့မရတဲ့ ပီတိမျိုးပေါ့နော ခံစားရတယ်။ အရမ်းလည်း ကျေနပ်တယ်ပေါ့နော။ ကိုယ် ပါဝင်လိုက်တဲ့အရာတခုက ဒီလိုအရမ်းအရေးပါတဲ့ လိုအပ်တဲ့နေရာမှာ ရောက်သွားတယ်ဆိုတဲ့ အတွက်ကြောင့်မို့ အရမ်းကျေနပ်ပီတိ ဖြစ်ရပါတယ် ဝမ်းသာပါတယ်။”

ပိုပိုလေးဟာ “မလေးရှားကရင်နီလူငယ်အဖွဲ့အစည်း” အတွက် ရှာဖွေတဲ့ရံပုံငွေတွေအပြင် သူမတတ်နိုင်တဲ့ တဦးချင်းစီ အလှူငွေတွေကိုလည်း လစဉ် သူမသတ်မှတ်ထားတဲ့ ပမာဏနဲ့ ပေးဆောင်နေပါတယ်။

သူမရဲ့ အသိမိတ်ဆွေတွေကိုလည်း ရံပုံငွေရှာဖွေပွဲတွေမှာ ပါဝင်ဖို့ကိုလည်း တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။

ဒါ့တွေအပြင် လိုအပ်ချက်တွေများနေတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် အပြည့်အဝ မကူညီလိုက်နိုင်တဲ့အခါ သူမအတွက် အခက်ခဲဆုံးဖြစ်တယ်လို့ ပြောပါတယ်။

“အခက်အခဲတွေဆိုတော့ ကိုယ်က ကိုယ်ပိုင်လုပ်ငန်းမဟုတ်ဘူး။ စက်ရုံမှာ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အချိန်အားဖြင့် အဆင်မပြေမှုတွေ လည်း ရှိခဲ့တယ်။ အခက်အခဲတခုအနေနဲ့ ပြောရမယ်ဆို အချိန်ပေါ့နော။ စက်ရုံမှာအလုပ်လုပ်နေရတဲ့အတွက်ကြောင့် အချိန်ပြည့်ပေါ့နော။ ကိုယ်ပိုင် အလုပ်မဟုတ်ဘူး။ အချိန်ပြည့်မပါဝင်ပေးနိုင်တဲ့အခါကျရင် ကိုယ့်ကိုယ်ကို အားမလို အားမရတဲ့အချိန်တွေ ရှိတယ်။ ပြီးလို့ရှိရင် အခက်ခဲဆုံးကတော့ ကိုယ့်ကိုအကူအညီလာတောင်းတဲ့အခါကျရင် ကိုယ်မကူညီပေးလိုက်နိုင်တဲ့ လူတိုင်းကိုပေါ့နော လူတန်းစေ့ပေါ့နော မကူညီပေးလိုက်နိုင်ဘူး။ အဲအချိန် တွေဆို အရမ်းကိုယ့်စိတ် ကိုယ့်အတွက်ဆို အရမ်းခက်ခဲတဲ့အချိန်လို့ ပြောလို့ရတယ်။ ဘာလို့ဆို အကူညီလာတောင်းတယ် ပြီးလို့ရှိရင် ကိုယ်ကအကုန်လုံးကို မကူညီလိုက်နိုင်ဘူး။ ဆိုတဲ့အခါကျရင် အဲချိန်ကတော့ ကိုယ့်စိတ်ပေါ့နော ကိုယ့်အတွက်ဆို အခက်အခဲဆုံးအချိန်လို့ ခံစားရတယ်။”

ပိုပိုလေးဟာ မလေးရှားနိုင်ငံမှာရောက်ရှိ နေထိုင်လာတာ ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းမှု နောက်ဆက်တွဲပဋိပက္ခတွေကြောင့် သူမထားရှိတဲ့ ကိုယ်ပိုင်ရည်မှန်းချက်ဟာလည်း မဖြစ်မြောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
“ကျမတို့ ဒီသူတို့ စစ်အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့ဒီ ဥပမာ ဆိုလို့ရှိရင် ဒီမလေးရှားမှာဆိုလို့ရှိရင် ဘယ်နနှစ်နေရင် ပြန်မယ်ပေါ့နော။ ဘယ်နနှစ်နေလို့ရှိရင် ပြန်မယ်ဆိုတဲ့ ပြီးလို့ရှိရင် ကိုယ့်ရဲ့မိသားစုနဲ့ပေါ့နော။ ပြန်ပြီးတော့ ပျော်ရွှင်တဲ့ဘဝလေး ပြီးလို့ရှိရင် ကိုယ့်ရဲ့ ကိုယ်ပိုင်စီးပွားရေး လေး အဲလိုမျိုးလေးပေါ့နော။ ပြန်ပြီးတော့လုပ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ပျောက်ဆုံးပြီးတော့ ကျမတို့ ပြန်လို့မရတော့တဲ့ အခြေအနေပေါ့နော။ ကိုယ့်ပြည်နယ်ကို အခုချိန်ဆိုလို့ရှိရင် ပြန်မယ်ဆိုရင်လည်း ဘယ်ကိုပြန်ပြီး တော့ ဘယ်ကိုလာရမလဲဆိုတဲ့ နေ့မျိုးတွေရှိတယ်။ ပြန်ဖို့တောင်တွေးတောင် မတွေးရဲတဲ့အခြေအနေမျိုးပေါ့နော။ ကိုယ်တိုင်မိသားစုကလည်း စစ်ရှောင် နေရတာ ဖြစ်တဲ့အတွက်ကြောင့် ပြန်ခဲ့မယ်ဆိုလို့ရှိရင် ကိုယ့်အတွက် ပြန်ဖို့ လမ်းက ဘယ်လိုမှအဆင်မပြေဘူးဆိုတော့ ဆုံးရှုံးမှုတွေက ပြောပြလို့မရ အောင်ပဲပေါ့နော။”

စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် လက်ရှိမှာ သူမမိသားနဲ့အတူ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းနဲ့ အေးအေးချမ်းချမ်း ဖြစ်သန်းနေနိုင်ပြီလို့ ပိုပိုလေးက ဆိုပါတယ်။

ဒါတွေဟာ စိတ်ကူးတခုလိုသာ ဖြစ်သွားတယ်ဆိုပေမဲ့ လက်ရှိရရှိနေတဲ့ လစာတွေနဲ့ မိသားစုအပြင် စစ်ရှောင်တွေအတွက် တတ်နိုင်သလောက် ကူညီသွားမယ်လို့ ဆိုပါတယ်။

“ဒီကနေပြီးတော့ မိသားစုအတွက်ပေါ့နော မိသားစုပြီးလို့ရှိရင် ကိုယ်တတ်နိုင်တဲ့ ကိုယ်ကူညီနိုင်တဲ့ ဒီမှာနေနေခြင်းအားဖြင့် ကိုယ်တတ်နိုင်တဲ့နေရာတွေ ကိုယ်လှူချင်တဲ့နေရာတွေကို လှူနိုင်တယ် အများကြီးမဟုတ်ရင်တောင်ပေါ့နော လှူနိုင်တယ်။ ပြီးလို့ရှိရင် မိသားစုကို ထောက်ပံ့နိုင်တယ်။ ကိုယ်ပြန်သွားလို့ ရှိရင်ပေါ့နော။ အခက်အခဲတွေအများကြီးနဲ့၊ ပြီးလို့ရှိရင် ဒီအရာတွေကိုလည်း ကိုယ်အများကြီးပါဝင်ပြီးတော့ အားဖြည့်ပေးနိုင်မှာ မဟုတ်တော့ဘူးဆိုတော့ လောလောဆယ်တော့ ပြန်ဖို့အစီအစဉ်တော့ မရှိသေးပါဘူး။”

ကရင်နီပြည်က စစ်ရှောင်တွေနဲ့ နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ ကရင်နီ ပြည်သူ/သားတွေကိုလည်း ပိုပိုလေးကနေပြီး အခုလို တိုက်တွန်းစကား ပြောဆိုသွားပါတယ်။

“ဒီမှာပြည်ပရောက်နေတဲ့ ကျမတို့ညီအစ်ကိုမောင်နှမတွေကလည်းပေါ့နော တတ်နိုင်သလောက် တတ်နိုင်တာထက်ပိုပြီးတော့ ကြိုးစားပေးနေပါတယ်။ အများကြီးအားတင်းထားပါ။ ကျန်းမာရေးဂရုစိုက်ပါပေါ့နော။ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတာသိတယ်။ ထပ်တူမခံစားပေးနိုင်ရင်တောင် ကိုယ်ကိုယ်တိုင်စစ်မရှောင်ရတဲ့အတွက် ထပ်တူတော့ မခံစားပေးနိုင်ဘူး။ ကိုယ်ချင်းစာတယ် ဘယ်လိုတွေခံစားနေရမလဲဆိုတာ နားလည်တယ်။ အားတင်းထားပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ပြီးလို့ရှိရင် ပြည်ပရောက်နေတဲ့ ကျမတို့ညီအစ်ကိုမောင်နှမတွေလည်း ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်တတ် နိုင်သလိုပေါ့နော ပါဝင်နေတော့ အားဖြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။”

spot_img
spot_img

Recent posts