spot_imgspot_imgspot_imgspot_img
Sunday, October 6, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီဒိုင်ယာရီ

Author

Date

Category

ထူးချစ်

၂၀၂၀-ခုနှစ်၊၊အထွေထွေရွေးကောက်ပွဲမှာ ဒေသခံ တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်တဲ့ ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီကို တတ်နိုင်စွမ်းတဲ့ ရပ်ခံဝိုင်းရံပံ့ပိုးဖို့ ၂၀၂၀-ခုနှစ် သြဂုတ်လထဲမှာ မြန်မာပြည်ကို ပြန်ခဲ့တယ်။

ကမ္ဘာပေါ်မှာ တနိုင်ငံတည်းသာကျင့်သုံးတယ်လို့ ကြားဖူးတဲ့ ဟိုတယ်ကွာရတင်း ( Hotel Quarantine) (၂၁) ရက်ဝင်ခဲ့ရပါတယ်။ မြန်မာပြည်ကို မပြန်ခင်ကတည်းက ရွေးကောက်ပွဲ၏ မဲဆွယ်စည်းရုံးရေး၊ စောင့်ကြည့်ရေး နှင့် ပတ်သက်တဲ့သင်တန်းတွေကို သက်ဆိုင်ရာမိတ်ဆွေများ အကူအညီနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒေသခံ တိုင်းရင်းသားပါတီကို ဝိုင်းရံရတဲ့ အကြောင်းအရင်း (၂) ချက် ရှိပါတယ်။ တချက်ကတော့ မိမိအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို တန်ဖိုးထား ယုံကြည်လို့ဖြစ်ပြီး၊ တခြားအကြောင်းတချက်ကတော့ ကရင်နီ အမျိူးသားတိုးတက်ရေး ပါတီ (KNPP) က ညွှန်ကြားတာဝန်ပေးလို့ပဲ ဖြစ်ပါတယ်။ အဓိကတော့ KNPP အနေနဲ့ ဒေသခံနိုင်ငံရေးပါတီကို ဝန်းရံရေးအတွက် ပါတီအထွေထွေအတွင်းရေးမူး ရဲဘော်ရွှေမျိုးသန့်ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အထွေထွေအတွင်းရေးမှူး ဦးဆောင်မှု (လမ်းညွှန်မှု) နောက်က ယုံယုံကြည်ကြည်လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ KNPP ရဲ့ ဦးဆောင်မှု၊ ဒေသခံ လူငယ် အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှု၊ လွတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၏ ကြိုးစားမှုနှင့် ဒေသခံလူထု၏ နိုင်ငံရေးနိုးကြားတက်ကြွမှုတွေကြောင့် ပြည်နယ်လေး သေးငယ်ပြီး၊ အာဏာရပါတီကြီးရဲ့ နည်းမျိုးစုံ ဖိနှိပ်မှုများကြားက ပြည်နယ်လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် ပြည်သူ့လွတ်တော် လွတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ်စုစုပေါင်း ( ၈) နေရာ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအခြေအနေ။

ကရင်နီပြည်နယ်အတွင်း အင်အားအတန်အသင့်ရှိသည့် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲအစည်းများ (၄-၅) ဖွဲ့ခန့်ရှိရာ၊ KNPP တဖွဲ့တည်းကသာ ဒေသခံ တိုင်းရင်းသားနိုင်ငံရေးပါတီကို အားပေး ထောက်ခံခဲ့ကြသည်ကို တွေ့ခဲ့ရပါတယ်။ အခြားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် အာဏာရ ပါတီအား နည်းလမ်းပေါင်းစုံ ( မတရားမှုအပါအဝင်)၊ ငွေအား လူအားနှင့် အင်တိုက်အားတိုက်ပံပိုးခဲ့ ကြသည်များ ရှိခဲ့သည်။ ဖားဆောင်းမြို့နယ်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းတခုဆိုလျှင် ၄င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပေးခဲ့သည်အထိ ဖြစ်ခဲ့သည်။ ဒီးမော့ဆိုနှင့် မယ်စဲ့ မြို့နယ်များတွင်လည်း လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများအနေနှင့် လူအား ငွေအားနှင့် အဖွဲ့ အစည်း၏ လုပ်ပိုင်ခွင့်အာဏာသုံးပြီး အာဏာရပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးကို ၄င်းတို့၏ အဖွဲ့အစည်းအကျိုး ( ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ) ကို မျှော်ကိုးပြီးဝန်းရံပေးခဲ့ကြသည်ကို တွေ့ ခဲ့ရသည်။

၂၀၂၁-ခုနှစ် အာဏာသိမ်းပြီး ဆန္ဒပြပွဲများ ပြင်းထန်ချိန်ကာလ။

၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင် အဆိုပါ တက်ကြွ သည့် (တချို့သော) ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် လက်နက်ကိုင်ပြီး ဆန္ဒပြခဲ့ သည်အထိ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခဲ့သည်ကို တွေ့ခဲ့ရ၏။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနှင့် လူထုထိခိုက်နိုင်မှုကို အဓိကထား စဥ်းစားခဲ့ကြသည်။ အတတ်နိုင်ဆုံး လူထုမထိခိုက်ရန် နည်းလမ်းပေါင်းစုံဖြင့် စဥ်းစားခဲ့၊ ကြံဆခဲ့ကြသည်။ အာဏာသိမ်းစစ်အစိုးရကိုလည်း ကရင်နီလူထုအား နှိပ်စက်အကြမ်းဖက်မှုများမပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ အဆိုပါကာလက KNPP ၏ ရပ်တည်ချက်မှာ ကရင်နီပြည်လူထု သွေးမြေ မကျရေးနှင့် ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားရပ်တည်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ကရင်နီပြည်တွင်း ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ မပါဝင်ခဲ့သည့် KNPP အား လူထုဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ဝိုင်းရံပံ့ပိုးနေသည့် ငြိမ်းချမ်းရေးအဖွဲ့ဆိုသူများမှ KNPP ကို ဘာလဲ ?၊ ဘယ်လဲ ?မေးခွန်းများ ထုတ်ခဲ့သည်။

KNPP ခေါင်းဆောင်များအား (နာမည်နှင့်တကွ) စစ်ကောင်စီမှ နိုင်ငံတော်ကောင်စီတွင် တာဝန်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ပါတီအနေနှင့် ငြင်းဆိုခဲ့သည်။ KNPP အနေနှင့် မိမိတို့ ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ခြင်းမရှိခဲ့သော်လည်း ပြည်နယ်တွင်းရှိ လုပ်နိုင်ကိုင်နိုင်သူများ၊ လုပ်ကိုင်လိုသူများ၊ (ပါဝင်သင့်သူများ) ကို ပြည်နယ်/မြို့နယ်များတွင် ဝင်ရောက်လုပ်ကိုင်ရန် အကြံပေးခဲ့၏။ ကိုယ် ယုံကြည်စိတ်ရသူများ အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်နေပါက လူထုသက်သာမည်၊ အစိုးရအတွင်း စစ်ရေး/ နိုင်ငံရေးသတင်းများကို အချိန်နှင့်တပြေးညီရရှိနိုင်လိမ့်မယ်ဟု တွက်ချက်ထားပုံရ၏။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေကိုသုံးသပ်ပြီး လူထုမနစ်နာ မထိခိုက်စေရန် စဥ်းစားခဲ့သည်ဟု နားလည်ခဲ့ရသည်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များကို KNPP ဆက်ဆံရေးရုံးသို့ ဖိတ်ခေါ်ပြီး KNPP ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ အဆိုပါဆွေးနွေးရှင်းပြခဲ့မှုများသည် ခေါင်းဆောင်တဦးတယောက်၏ နိုင်ငံရေးရပ်တည်ချက်မဟုတ်ဘဲ ပါတီ၏ မူဝါဒလမ်းညွှန်မှုကို ပါတီအထွေထွေအတွင်းရေးမှူးမှ ဦးဆောင်ပြီး၊ သက်ဆိုင်ရာ KNPP ခေါင်းဆောင်များနှင့် ပွင့်လင်း မြင်သာစွာ ချပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရန် – ငါ စည်း ပြတ်ကြလား။

တော်လှန်ရေးတွင် ပြောနေကြ ဝေါဟာရ တခုရှိသည်။ ရန်-ငါ ပြတ်သည်၊ ရန်သူ့စည်း ငါ့စည်း ပြတ်ခြင်းပင်ဖြစ်သည်။ အဆိုပါ သပိတ်ကာလ (ဆန္ဒပြပွဲ) များတွင် တက်ကြွစွာ ထောက်ပံ့ကူညီခဲ့သည့် ဒေသတွင်း ငြိမ်းချမ်းရေးအဖွဲ့ဆိုသူများအနေနှင့် လက်နက်ကိုင်တော်လှန်ရေးစတင်သည့် အချိန်တွင် မည်မျှအထိ ထဲထဲဝင်ဝင် ပေါ်ပေါ်ထင်ထင် ပူးပေါင်းပါဝင်ခဲ့ကြပါသနည်း။ (လျှို့ဝှက်ကူညီသည်ဆိုသည့် အကြောင်းပြချက်လောက်နဲ့ မလုံလောက်ပါ။) အာဏာသိမ်းခံခဲ့ရသည့်ပါတီ အာဏာရှိစဥ်က အကျိုး စီးပွားဖြစ်ထွန်းခဲ့သည့် အဖွဲ့အစည်းများအနေနှင့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အကျိုးစီးပွားကိုသာမျှော်ကိုးပြီး ဆန္ဒပြပွဲများတွင် တက်ကြွပြနေကြသည်၊ မြင်တွေ့ခဲ့ရသည်ကို မြင်တွေ့နိုင်ပါသည်။ ကရင်နီပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်သည် နှစ်ပေါင်းများစွာ စစ်ရေးအတွေ့အကြုံရှိသည့် ကရင်နီအမျိုးသားတပ်မတော် ( Karenni Army ) စစ်ရေးခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်မဟုတ်ပါဟု ကရင်နီတပ်မတော်၏ အကြီးတန်း တာဝန်ရှိသူတဦးမှ ပြောကြားခဲ့ဖူးသည်။ ကရင်နီအမျိုးသား တပ်မတော်အနေနှင့် မဟာဗျူဟာ ကျကျ စီစဥ်မည်ဆိုပါက လက်နက်ကိုင်တော်လှန်ရေးစတင်မည့် ကာလကို အနည်း (၃) လခန့် အချိန်ယူသင့်သည်ဟုအဆိုပါ စစ်ရေးခေါင်းဆောင်မှ ပြောပြခဲ့ဖူးသည်။ တချိန်တည်းမှာပင် ( လိုအပ်သည့် လက်နက်ခဲယမ်း. အစားအသောက်/ ဆေးဝါး/ ဒဏ်ရာရရဲဘော်များနှင့် ဒေသခံ ပြည်သူများအတွက် ဆေးကုသမည့်နေရာများ ပြင်ဆင်ရမည်။ စစ်ဘေးရှောင်လာမည့်ပြည်သူများအတွက် စား/ ဝတ်/ နေရေးကိစ္စ များကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားသင့်သည့် ဟု အဆိုပါ ခေါင်းဆောင်မှ ပြောပြခဲ့ဖူးပါသည်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှ ပြည်နယ်တွင်းရှိ တချို့သော ငြိမ်းချမ်းရေး အဖွဲ့ အစည်းများ အဘယ်ကြောင့် နှုတ်ထွက်ခဲ့ပါသလဲ။ ဤမေးခွန်းက အရေးကြီးသည်ဟု ထင်ပါသည်။ လူထု ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း များအနေနှင့် ဘာကြောင့် နှုတ်ထွက်သွားကြသည်ကိုလည်း စိတ်ဝင်တစား စူးစမ်းလေ့လာခဲ့ဖူးပါသည်။

၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဖရူဆိုနှင့် ရှားတောမြို့နယ်တွင်းနေထိုင်သည့် ကရင်နီ ပြည်သူများအနေနှင့် သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြပါသည်။ ဒေသခံပါတီ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီကို မဲပေးခဲ့ကြ၏၊ ယခုအခါတွင် ကရင်နီတပြည်လုံးသည် စစ်တလင်းဖြစ်နေသည်ကို မြင် တွေ့နိုင်ပါသည်။ မိမိတို့အနေနှင့် အဆိုပါမြို့နယ်များတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို မဲထည့်ပေးရန် စည်းရုံးလှုပ်ဆောင်ပေးခဲ့ဖူး၏။ အဆိုပါ ပါတီကို မဲထည့်စေခြင်းမှာ ဒေသတွင်း ပညာ ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့အနေနှင့် ကြိုးစား ဆောင်ရွက်ပေးပါမည်ဟု မဲဆွယ်စည်းရုံးစဥ် ကတိပေးပြောကြားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။။ အဆိုပါ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ပြော ကြား (ကတိ) ပေးခဲ့သည့်အတိုင်း မိမိတို့ အနေနှင့် ကြိုးစား လုပ်ကိုင်ဆောင်ရွက်ရဦးမည်ဖြစ်ပါသည်။

၂၀၂၁-ခုနှစ်၊ ကရင်နီပြည်နယ် အထွေထွေဆန္ဒပြပွဲများကာလက KNPP ဘယ်ရောက်နေလဲ? ဘာလုပ်နေလဲ? ဟု မေးမြန်းခဲ့သည့် နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေနှင့် KNPP ဘယ်ရောက်နေသည်ဆိုတာ သိလောက်ပြီဟု ယုံကြည်မျှော်လင့်ပါသည်။ ကျနော်တို့ နေ့စဥ်မှတ်တမ်းများ စဥ်ဆက်မပြတ်ရေးနေရပါဦးမည်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်။

spot_img
spot_img

Recent posts