ကန္တာရဝတီတိုင်း ( မ် )
ထိုင်း – ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ “အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့” အခမ်းအနားကို ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့၊ မနက် ၉ နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး ( ၁၆ရက်တာ လှုပ်ရှားမှု ကော်မတီ ) မှ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာရှိတဲ့ SDC ကျောင်းမှာ အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့တာပါ။
အခမ်းအနားမှာတော့ ၁၆ ရက်တာ လှုပ်ရှားမှု ကော်မတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားခြင်း ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ပြောကြားခြင်း၊ ၁၆ ရက်တာ လှုပ်ရှားမှု နဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ အားပေးအမှာစကားပြောကြားခြင်း၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုစကားပြောကြားခြင်း၊ ကရင်နီပြည်နိုင်ငံရေးအခြေအနေနဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီ လုပ်ငန်းစဉ် ပြောကြားခြင်း ၊ ကျောင်းသူကျောင်းသားများမှ ပြဇတ် တင်ဆက်ခြင်း ၊ တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခြင်း ၊ လက်ဆောင်ချီးမြှင့်ခြင်း စတဲ့ အစီအစဉ်တွေနဲ့ ပြုလုပ်သွားကြပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတွေ ၊ IEC တာဝန်ရှိသူတွေ ၊ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေ ၊ အဖွဲ့အစည်းအသီးသီး ၊ ကျောင်းသူကျောင်းသား ၊ မိဘပြည်သူ အပါအဝင် စုစုပေါင်း လူဦးရေ ၂၀၀ ကျော် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။