စောအယ်ကညော
“ပြီးခဲ့တဲ့ ၂၀၂၂ ခြောက်လပိုင်းမှာပေါ့၊ အဲ့ချိန်မှာ အဖေ၊ အမေက မှိုစားမှားပြီး အကုန်လုံးသေသွားတာပေါ့။ ပြီးတော့ အကို နှစ်ယောက်နဲ့ အဖွားလည်းပါတာပေါ့”
ဒါကတော့ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက “ ဧမာနွေလ” လို့ခေါ်တဲ့ မိဘမဲ့ဂေဟာမှာရောက်ရှိနေတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတယောက်က သူ့ဘဝရဲ့အကြီးမားဆုံးသောဆုံးရှုံးမှုကို ပြန်ပြောပြနေတာ ဖြစ်ပါတယ်။
သူကတော့ အသက်အရွယ်အားဖြင့် (၁၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုးတန်းကျောင်းသားလေး စောဘားရေ ပဲဖြစ်ပါတယ်။ စောဘားရေမှာ မိသားစုဝင် အားလုံး(၉)ယောက်ရှိခဲ့ပါတယ်။ ထိုအထဲမှာမှ သူဟာ လေးယောက်မြောက်သား ဖြစ်ပါတယ်။ စောဘားရေတို့ မိသားစုဟာ ကရင်နီပြည်ထဲမှာရှိတဲ့ ဆီးဘူပလော ဆိုတဲ့ရွာလေးမှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ မိသားစုအားလုံးထဲမှာမှ (၅) ဦးဖြစ်တဲ့ အဖေ၊ အမေ၊ အကို(၂)ယောက် နဲ့အဖွားဖြစ်သူတို့ဟာ မှိုစားမှားပြီး တပြိုင်နက်တည်းဆုံးပါး သွားခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ စောဘားရေနဲ့ ညီလေး၊ ညီမလေးတို့တတွေဟာ ဦးလေး၊ အဒေါ် တို့နဲ့အတူ သွားနေခဲ့ရတာဖြစ်ပါတယ်။ ဦးလေး၊ အဒေါ် အိမ်ဆိုပေမဲ့ မိဘအိမ်လို နွေးထွေးမှုတွေ၊ ပျော်ရွှင်မှုတွေ ရှိမနေပါဘူး။ ဒါကြောင့်ပဲ ဦးလေးဖြစ်သူကိုယ်တိုင် သူ့ကိုမိဘမဲ့ဂေဟာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ဦးလေး အဒေါ်တို့နဲ့ အတူနေခဲ့စဥ်က သူဟာ အရွယ်နဲ့ မလိုက်အောင် တနေကုန် လယ်ထဲ၊ ယာထဲ ကလေးတယောက်ရဲ့အားနဲ့ မမျှတဲ့အလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ခဲ့ရတဲ့အတွက် ပညာရေးနဲ့ ပတ်သက်ပြီး အာရုံမစိုက်နိုင်ခဲ့ပါဘူး။ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာကို ရောက်လာပြီးနောက်ပိုင်းမှာတော့ စောဘားရေ ဟာ ဂေဟာက သန့်ရှင်းရေး နည်းနည်းပါးပါးကိုသာ လုပ်ဆောင်ရပြီး သူရဲ့ ပညာရေးဖက်ကိုလည်း ပိုပြီးအာရုံ စိုက်လာနိုင်ခဲ့ပါတယ်။
မိဘမဲ့ ဂေဟာကိုရောက်လာပြီးနောက်ပိုင်းမှာတော့ “ဒီမှာလာနေတော့ လူအများနဲ့နေရတော့ စိတ်အရမ်းပျော်ရွှင်တယ်။ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း နည်းပါးသွားတယ်။” လို့ သူ့လက်နှစ်ဖက်ကို ပေါင်ကြားထဲ ညပ်ထားကာ ပြောပြနေပါတယ်။
လက်ရှိ စောဘားရေ နေတဲ့ ဧမာနွေလ မိဘမဲ့ဂေဟာကို ၂၀၁၆ ခုနှစ်ကတည်းက ဒီးမော့ဆိုမြို့နယ် ဒေါပီတကျေးရွာမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ယခု အချိန်ထိဆိုရင် ရှစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဂေဟာကို စတင်တည်ထောင်ဖြစ်သွားတဲ့အကြောင်းနဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဂေဟာတည်ထောင်သူ ဦးခင်ဝင်းက အခုလိုပြောပြပါတယ်။
” ကျနော်က ဒေါတခြားရွာ၊ ဖူးကရားခူရွာ (ဒီးမော့ဆို နဲ့ ဖရူဆို မြို့နယ် ရှိရွာအမည်) ကိုရောက်ခဲ့တယ်ပေါ့နော်။ ရောက်သွားတဲ့ အခါမှာ ကလေးတွေက ကျောင်းမတက်နိုင်တဲ့ ကလေးတွေ အများကြီးရှိတော့ ခေါင်းပါးတယ်။ ကျနော်က အဲ့တာတွေ့သွားတော့ စိတ်မကောင်းဘူး။ အဲ့ဒါကြောင့် သူတို့ကိုဘယ်နည်းနဲ့ ကျောင်းပို့မလဲ၊ ကျောင်းတက်လို့ရအောင်လုပ်ပေးနိုင်မလဲ၊ ကနေ ဒီဂေဟာကို ဖွင့်ဖြစ်သွားတာဖြစ်တယ်။” လို့ ဦးခင်ဝင်းက ဆိုပါတယ်။
ဧမာနွေလ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဂေဟာမှာ ကရင်နီပြည်အတွင်းမှာရှိတဲ့ အလွန်ခေါင်းပါးတဲ့ ရွာတွေက ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ စစ်ပွဲကြောင့်ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိူးကြောင့်ဖြစ်စေ မိဘမရှိတော့တဲ့ကလေးတွေ၊ မိဘက မစောင့်ရှောက်နိုင်တဲ့ကလေးတွေကို ခေါ်ယူကာ ကျောင်းထားပေးတာနဲ့ စိတ်ခွန်အားပေးတာတွေကို ပြုလုပ်ပေးပါတယ်။
“ဟုတ်တယ် ကလေးတွေက တောကလာတဲ့ကလေး၊ မိဘမရှိတဲ့ကလေးတွေက အရမ်းစိတ်ဒဏ်ရာရတာ ကိုတွေ့ရတယ်။ ဒါမဲ့ ကျနော်က ဒီကလေးတွေကို သမ္မာကျမ်းစာအားဖြင့် ဆုတောင်းပေးတယ်။ စိတ်ခွန်အားပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ပြီးတော့ဘေးပတ်ဝန်းကျင်က ကျနော့် အသိမိတ်ဆွေ သူငယ်ချင်းတွေကလည်း ကလေးတွေကိုလာရောက်ခွန်အားပေးတာတွေရှိပါတယ်။” လို့ ဂေဟာတည်ထောင်သူ ဦးခင်ဝင်း ကပြောပြပါတယ်။
ဒါ့အပြင် ဧမာနွေလ ဓာတ်ဆီဆိုင်လေးဖွင့်ပြီး အဲ့ကနေရတဲ့ ဝင်ငွေနဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတာပါ။ ဒါ့အပြင် NGOs နဲ့တခြားသော အဖွဲ့အစည်းတွေ၊ အလှူရှင်တွေဆီကရတဲ့ အလှူငွေတွေ နဲ့လည်း ကလေးတွေအတွက် အဆောင်သစ်တွေ၊ ကျောင်းစရိတ်နဲ့ စားစရိတ်တွေကိုလည်း ဖြည့်ဆည်းပေးပါတယ်။ အလှူရှင်တွေမရှိတဲ့လတွေဆိုရင်တော့ ဂေဟာပိုင်ရှင်ကိုယ်တိုင် လိုအပ်တဲ့စရိတ်စက ကို ဖြည့်ပေးတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီဂေဟာမှာ ကလေးငယ် (၃၄) ဦးရှိပါတယ်။ သူတို့တွေဟာ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီဂေဟာကိုရောက်လာကြတာ ဖြစ်ပါတယ်။
မမေပွင့်ချယ်ရဲ့ အဖေကတော့ တော်လှန်ရေးရဲဘော်တယောက်ဖြစ်ပါတယ်။ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရတဲ့ ဖခင်က မိသားစုကို ပြန်မကြည့်နိုင်တဲ့အခါ မေပွင့်ချယ်တယောက်က ဒီဂေဟာလေးကို ရောက်လာခဲ့ပါတယ်။
“သမီးဒီကို ရောက်လာလိမ့်မယ်လို့လည်း ကိုယ့်ကို မထင်မိဘူး။ သမီးမိသားစုကအရမ်းခက်ခဲတယ်။ မိသားစုဝင်အားလုံးနီးပါးက ရဲဘော်လုပ်ကြတယ်။ အဖေကလည်း ရှေ့တန်းမှာပဲနေတယ်။ သမီးတို့ ငွေရေးကြေးရေးဆိုလည်း အရမ်းခက်ခဲတယ်။ ဘယ်မှာကျောင်းတက်လို့ တက်ရမှန်းလည်းမသိဘူး။ သူများကျောင်းတက်ဆို သမီးတအားတက်ချင်တယ်။ ဘယ်လိုမှလည်း စုံစမ်းမရဘူး။ နောက်ဆုံးဒီဂေဟာကမိသားစုက သမီးကိုခေါ်ပေးခဲ့တာပေါ့။” လို့ Grade (11) တက်နေတဲ့ မမေပွင့်ချယ်က သူဂေဟာလေးကို ရောက်လာခဲ့တဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။
မိဘမရှိတော့တဲ့ ကလေးတွေကိုသာမက မိဘကကျောင်းမထားပေးနိုင်ဘဲ ပညာသင်ခွင့်မရတဲ့ ကရင်နီပြည်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာဖက်က ကလေးတွေကိုလည်း ဧမာနွေလမိဘမဲ့ဂေဟာနဲ့ ကလေးသူငယ်ပြုစု ပျိုးထောင်ရေး ဂေဟာက ခေါ်ထားပေးတာ လည်းရှိပါတယ်။
“ ခက်ခဲတယ်၊ မိသားစုက ကျောင်းမထားနိုင်လောက်တဲ့ထိ၊ အမလည်း ကျောင်းမတက်ရတော့ဘူး၊ မိသားစုကလည်း ကျမကို ကျောင်မထားပေးနိုင်လောက်တဲ့ အထိဖြစ်တော့ ဂေဟာနဲ့ဆက်သွယ်ရပြီး ဒီမှာလာနေခဲ့တာ အခုနဲ့ဆို လေးနှစ်ရှိပါပြီ။” လို့ စကားသံ ကလေးဝဲဝဲလေးနဲ့ Grade (10) ကျောင်းသူ မကက်သရင်းက ဂေဟာကို ရောက်လာခဲ့တဲ့ အကြောင်းပြန်ပြောပြနေတာ ဖြစ်ပါတယ်။
ဂေဟာလေးမှာတော့ မေပွင့်ချယ်၊ ကက်သရင်း၊ စောဘားရေတို့အပါအဝင် ကလေးအားလုံးဟာ ကျောင်းတက်ခွင့်ရသလို ပြုစုစောင့်ရှောက်မှုတွေ ရကြပါတယ်။
စောဘားရေကတော့ သူ့မိသားစုဝင်တွေ ဆုံးပါးသွားတာဟာ ဆေးဝါးမရှိတာ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာအားနည်းနေတာ စတဲ့အရာတွေကြောင့်ဖြစ်ပြီး ထိုအကြောင်းအရာကပဲ သူ့ကို ကြီးလာရင် ဆရာဝန်ဖြစ်ချင်အောင် တွန်းပို့နေပါတော့တယ်။
“ကျနော်က ဒီမှာပဲဆက်နေပြီး ကျောင်းဆက်တက်ဖို့ပဲ ရည်ရွယ်ထားပါတယ်။ ရည်မှန်းချက်ကတော့ နိုင်ငံခြားသွားဖို့လည်း ရည်မှန်းချက်တွေရှိတယ်။ ကြီးလာရင်ဘာလုပ်ဖို့ စဥ်စားထားလည်းဆိုတော့ ဆရာဝန်လုပ်ဖို့ စဥ်းစားထားပါတယ်ဗျာ့။” လို့ ပြောပါတယ်။
ခုလိုမိဘမရှိတော့တဲ့ ဆယ်ကျော်သက်လေး စောဘားရေအတွက် ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရသလို ဝမ်းနည်းတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
“လူများနှိမ်တာတော့မရှိဖူး ဒါပေမဲ့ မျက်နှာငယ်တာတော့ရှိတယ်။ လူများအဖေ၊အမေနဲ့ သားသမီး အတူသွားလာတာကို ကြည့်ရင်းနဲ့ ဝမ်းနည်းတာရှိတယ်။ အဖေ၊ အမေ ပြန်လိုချင်လိုက်တာဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းခဲ့ရတာပေါ့။” လို့ မျက်လွှာကိုအောက်ချကာ ပြောနေရင်း စောဘားရေရဲ့ အသံဟာ တိမ်ဝင်သွားပါတယ်။
ခုလိုစိတ်အားငယ်လာတဲ့အချိန်တိုင်း စောဘားရေဟာ ဂေဟာရဲ့ အနောက်က ရှုခင်းတွေရှိရာဖက်ကို သွားထိုင်ပြီး အနားယူကာ စိတ်ဖြေတတ်ပါတယ်။
မိဘမဲ့ဂေဟာမှာတော့ ကောင်းကောင်းမွန်မွန် သွန်သင်ဆုံးမပေးသလို ဘုရားရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ကြားရတဲ့အတွက် စောဘားရေတယောက် စိတ်ဖိစီးမှုတွေလည်း သက်သာလာခဲ့ပြီဖြစ်ပါတယ်။
“စိတ်ဓာတ်ကျတဲ့ အချိန်မှာဆို ထိုင်ငိုမိတယ်။ မျက်ရည်ကျမိတယ်။ အဖေအမေကို တအားသတိရပေါ့။ ကိုယ့်ကိုလည်း နာကျင်အောင်လုပ်မိတယ်။” လို့ ပြုံးကာ အားတင်းပြောနေပေမဲ့ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေဟာ စောဘားရေရဲ့မျက်နှာမှာ အထင်းသားပေါ်လွင်နေပါတယ်။
အရွယ်နဲ့မလိုက် စိတ်ဒဏ်ရာတွေများနေတဲ့ ဆယ်ကျော်သက်လေးတွေ၊ စစ်ကြောင့်မြေစာပင်ဖြစ်နေကြတဲ့ ကလေးတွေ၊ ပညာသင်ခွင့်တွေဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ထို “ မိဘမဲ့နဲ့ကလေးသူငယ်ပြုစုပျိုးထောင်ရေး” ဂေဟာလေးဟာ လုံခြုံပြီး၊ စိတ်ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေ၊ သူငယ်ချင်းတွေရှိတဲ့အပြင် ပညာကိုလည်း ကောင်းကောင်းမွန်မွန်သင်ကြားခွင့်ရတဲ့ အိုအေစစ်လေး တခု ဖြစ်လို့ နေပါတော့တယ်။