“အမျိုးသမီးကဏ္ဍ”
ကန္တာရဝတီတိုင်း(မ်)
“မော်မိမာ” လို့ ပြောလိုက်ရင် ထိုင်း-ကရင်နီနယ်စပ်၊ ဒုက္ခသည်စခန်းက ပြည်သူတွေသာမက ကရင်နီ ပြည်က လူထုတွေရဲ့ ပါးစပ်ဖျားမှာ ရင်းနှီးကြပါတယ်။ ဒါ့အပြင် ပညာရေးနယ်ပယ်မှာ ကိုယ်ကျိုးမငဲ့ အများအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေသူတဦးဆိုတာကိုလည်း မည်သူမျှ ငြင်းလို့ မရနိုင်ပါဘူး။
အသက် (၄၄) နှစ်အရွယ် မော်မိမာဟာ ကရင်နီပြည်အစိုးရ (KNPP) ရဲ့ ပညာရေးဌာနမှာ ဒု-ဝန်ကြီး ဖြစ်သလို၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးဌာနမှူးကြီး အဖြစ်လည်း တာဝန် ၂ ခုကို တပြိုင်နက်ထမ်းဆောင်နေသူပါ။ သူမကိုယ်တိုင်လည်း ထိုင်းနိုင်ငံ တက္ကသိုလ်တခုမှာ ပညာဆက်လက် သင်ယူနေဆဲဖြစ်ပါတယ်။
“ပညာရေး” ဟာ အရာရာကို ပြုပြင်ပြောင်းလဲနိုင်တဲ့အရာ၊ စွမ်းဆောင်နိုင်တဲ့ အရာဖြစ်တယ်လို့ ယုံကြည်ပြီး ပညာရေးလောကထဲ ခြေစုန်ပစ် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ မော်မိမာက ပြောပါတယ်။
“ကျမကိုယ်တိုင်ကလည်း ပညာရေးခေါင်းပါးတဲ့နေရာလို့ ပြောလို့ရတယ်ပေါ့နော။ ကျောင်းတွေမရှိခဲ့တဲ့ နေရာမှာ ကျမက ဖြတ်သန်းလာခဲ့ရတယ်။ အစိုးရကျောင်းတွေကို လက်လှမ်းမမီတဲ့နေရာဆိုတော့ ကိုယ်ထူကိုယ်ထပဲ ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ပညာသင်ယူလာခဲ့ရတဲ့အပေါ်မှာ ကျမတို့နဲ့ဘဝတူ နောက်တက်လာတဲ့ သားသမီးငယ်တွေ၊ လူငယ်တွေအတွက်လည်း ကျမတို့က ပညာရေးအခက်အခဲကို မကြုံရအောင်၊ ပညာရေးအခွင့်အလမ်း ကျမတို့ခေတ်ထက်ပိုမိုရရှိနိုင်ဖို့အတွက် ကျမအနေနဲ့ တတ်နိုင်တဲ့ ဖက်ကနေ ပါဝင်ပြီး လုပ်ဆောင်ချင်တယ်။ ကျမကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး တခြားပညာရှင်တွေနဲ့ နိုင်ငံတကာပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်ရဲ့ဒေသအခြေအနေ၊ ကိုယ့်ရဲ့လူထုအခြေအနေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုး ပြီးရေရှည်ဖွံ့ဖြိုးမှုကို အကျိုးပြုစေမယ့် ပညာရေးမျိုး အဲဒါကို ရည်ရွယ်ပြီးတော့ ကျမဒီပညာရေးမှာ ပါဝင်လုပ်ဆောင်ဖြစ်တာ ဖြစ်ပါတယ်။”လို့ မော်မိမာက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်မိမာဟာ ကရင်နီပြည်က ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရတာကို စိတ်မကောင်းဖြစ်ပြီး တဖက်မှာလည်း ရတဲ့နည်းလမ်းနဲ့ ပညာကို ဆက်လက်သင်ယူကြဖို့ သူမက တိုက်တွန်းပါတယ်။
ဒုက္ခသည်ပညာရေးမှသည်…… နိုင်ငံတကာပညာရေးဆီသို့
တော်လှန်ရေးမိဘတွေကနေ မွေးဖွားလာတဲ့ မော်မိမာဟာ တော်လှန်ရေးနယ်မြေမှာမွေးပြီး၊ တော်လှန် ရေးပညာရေးနဲ့သာ သူမရဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ နွေဦးတော်လှန်ရေးကာလမှာ ကျောင်းသားလူငယ်တွေ ကြုံတွေ့ခဲ့တဲ့ ပညာရေး ၊ လုံခြုံရေးနဲ့ ဆိုင်တဲ့ အခက်အခဲတွေကို တချိန်ကမော်မိမာလည်းကြုံတွေ့ခဲ့ဖူးပါတယ်။
“ငယ်ငယ်တုန်းကတော့ အမြဲတမ်းရွှေ့ပြောင်းရတယ်ပေါ့နော။ ပြေးလွှားရတယ်။ အဓိကကတော့ ဘယ်အချိန်ပြေးရမလဲဆိုတာ မသိဘူးပေါ့နော၊ အမြဲတမ်းသတိနဲ့ နေရတယ်၊ မိဘတွေကတော့ သစ်ပင်၊ ဝါးပင်အောက်ရောက်လို့ရှိရင်တော့ အိပ်ဖို့နေရာတွေ၊ ကလေးတွေအတွက်ဆိုရင် ကလေးတွေ စာသင် ရမယ့်နေရာတွေ အဲလိုမျိုးတွေရှာပေးတယ်ပေါ့နော။” လို့ မော်မိမာက သူမရဲ့ ငယ်ဘဝဖြတ်သန်းခဲ့ရပုံကို ပြန်ပြောင်း ပြောပြပါတယ်။
“ဘယ်အချိန်ထပြေးရမလဲ၊ ဘယ်နေရာမှာထပ်ရွှေ့ရမလဲ” မသေချာလှတဲ့ မနက်ဖြန်တိုင်းအတွက် မော်မိမာ တယောက် ပညာမသင်ကြားနိုင်မှာ စိုးရိမ်ပူပန်ခဲ့ရပြီး နေ့နေ့ညည စာအုပ်နဲ့ စာရေးကိရိ ယာတချို့ထည့်ထားတဲ့ လွယ်အိတ်တလုံးကို ကိုယ်နဲ့ အမြဲမကွာ လွယ်ထားခဲ့ရပါတယ်။
“ငါပြေးတဲ့အခါ ဘာမှမပါချင်နေပါစေ။ လွယ်အိတ်ပါရင်ရပြီ” လို့ မော်မိတယောက် ပညာသင်ယူနိုင်ဖို့ “လွယ်အိမ်ကလေး”ဟာ သူမရဲ့ ငယ်ဘဝမှာ အမြတ်တနိုးနဲ့ တန်ဖိုးအ ထားရဆုံးအရာတခုလည်း ဖြစ်ခဲ့ပါတယ်။
၁၉၇၅ နောက်ပိုင်းခုနှစ်တွေဟာ မြန်မာစစ်တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာလတွေဖြစ်ပါတယ်။ အဲအချိန်တုန်းကတော့ ကျောင်းနေအရွယ် မော်မိမာတယောက် ပညာရေးကို စစ်ဘေးရှောင်တဲ့နေရာ တွေမှာ ကြုံသလို သင်ယူခဲ့ရတာပါ။
၁၉၉၄ ခုနှစ် ဝန်းကျင်မှာတော့ ထိုင်းနယ်စပ်ဖက်ကို စစ်ဘေးရှောင်လာတဲ့ ကရင်နီလူထုတွေအတွက် ထိုင်းအာဏာပိုင်တွေ ခွင့်ပြုချက်နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR ) ကနေပြီး ဒုက္ခသည်စခန်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။
မော်မိမာတို့ မိသားစုဟာလည်း ထိုင်နိုင်ငံမယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်နီ အမှတ် (၁) ဒုက္ခသည် စခန်းကို ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ပညာရေးဌာန လက်အောက်က အထက်တန်း ပညာရေးကို ပြီးဆုံးအောင် ပညာသင်ယူခဲ့ပါတယ်။
အထက်တန်းပညာရေးပြီးဆုံးသွားတဲ့အခါ ဒုက္ခသည်စခန်းမှာ ကျောင်းဆရာမအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပါသေးတယ်။
ဒုက္ခသည်စခန်းမှာတော့ အထက်တန်းအောင်မြင်ပြီးရင် တက္ကသိုလ်တက်ဖို့ ဒါမှမဟုတ် အဆင့်မြင့် ပညာတွေ ဆက်လက်သင်ယူဖို့ အခွင့်အလမ်းမရှိတော့ပါဘူး။
ဒါ့ကြောင်လည်း မော်မိမာဟာ နိုင်ငံတကာ ပညာရေးတွေကို ဆက်လက်ထိုးဖောက်နိုင်ဖို့ ဒုက္ခသည်စခန်းမှာ လာရောက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာဆီမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နိုင်ငံတကာ တက္ကသိုလ်ကို ဝင်နိုင်တဲ့အခွင့်အလှမ်းတွေကို တိုးပေါက်ရှာဖွေ ခဲ့ရပါတယ်။
“ဒုက္ခသည်ပညာရေးက နိုင်ငံတကာအသိအမှတ်ပြုမှု မရှိတဲ့အခါကျတော့ ကျမတို့ advocacy အပိုင်းမှာ အများကြီးလုပ်ရတာတွေ ရှိတယ်။ ပြီးရင် ကိုယ့်အရည်အချင်းကလည်း ပိုပြီးတော့မှ သူများထက်သာ အောင် လုပ်ရတယ်ပေါ့နော။ သူများကိုယ့်ကိုယ် ပိုပြီးတော့မှ ဦးစားပေးနိုင်အောင်အတွက် သတ်မှတ် ထားတဲ့အမှတ်တွေ ဒီထက်ပိုပြီးတော့မှ ကျော်လွန်အောင် ကြိုးစားရတာမျိုးရှိတယ်။” လို့ မော်မိမာက ပြောပါတယ်။
ဒီလိုပညာရေးအခွင့်အလမ်းနည်းပါးလှတဲ့ ဒုက္ခသည်စခန်းမှာ နိုင်ငံတကာပညာရေးအထိ ထိုးဖောက် နိုင်ဖို့ ဆိုတာမော်မိမာတယောက်အတွက် လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ပါဘူး။
သူမကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့သလို ကံအားမျက်နာသာရခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ဩစတေးလျနိုင်ငံမှ ပညာသင်ဆု ကို မော်မိမာရရှိခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံမှာရှိတဲ့ Murdoch University နဲ့ Griffith University မှာ Bachelor အတွက် International Aid and Development နဲ့ Community Development ဘာသာရပ်တွေနဲ့ Double Major (မေဂျာနှစ်ခု)နဲ့ တစ်ချိန်တည်း မှာပဲ ဘွဲ့နှစ်ခု ရယူခဲ့ပါတယ်။
ပညာရေးကို အမြဲလေ့လာဆည်းပူးတဲ့ မော်မိမာဟာ ဩစတြေးလျနိုင်ငံက ရရှိတဲ့ ဘွဲ့နှစ်ခုနဲ့ မတိမ်းတိမ် နိုင်ဘဲ မဟာဘွဲ (master degree) ဘွဲ့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Assumption University မှာ Master of Education ဘာသာရပ်နဲ့ ထပ်မံရယူခဲ့ပါတယ်။
အခုလက်ရှိမှာလည်း Educational Management ဘာသာရပ်နဲ့ Ph.d (ပါရဂူ) ဘွဲ့ကို ဆက်လက်ရယူဖို့ Mahidol University မှာ ဆက်လက်ပညာသင်ယူနေဆဲပါ။
အလုပ်တဖက်နဲ့ ရတဲ့အချိန်ကိုဖဲ့ပြီး လက်ရှိပညာသင်ယူနေတဲ့ တက္ကသိုလ်မှာ တခြားကျောင်းသား တွေကို သူမတို့ရဲ့ ပြည်နယ်ရေးရာတွေကို ဖလှယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တခြားကျောင်းသားတွေအတွက်လည်း ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ဟာကို သူတို့ပိုပြီးတော့မှ သင်ယူ လေ့လာရတဲ့ ဟာမျိုးတွေရှိတဲ့အခါကျတော့ ကျမအနေနဲ့ ပျော်လဲပျော်တယ်။ ပြီးလို့ရှိရင်လဲ အများ အတွက်အကျိုးရှိတယ်။ ကျမတစ်ယောက်တည်းအတွက်ပဲ ပညာရတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့နိုင်ငံရေး အခြေအနေကို ဖလှယ်ခွင့်ရတာကလည်း ကျမအတွက်ပိုပြီးတော့ ကိုယ့်ကိုယ်ကျေနပ်မှုရှိတယ်ပေါ့နော” လို့မော်မိမာကပြောပါတယ်။
ရှေးရိုးစွဲ အယူအဆ တွေကြားမှာ အမျိုးသမီးတဦးရဲ့ လုပ်ငန်းခွင်စိန်ခေါ်မှုများ
မော်မိမာရဲ့မိခင်ဟာ သူမတို့မောင်နှမတွေအားလုံးကို “ပညာတတ်တွေ ဖြစ်ရမယ်” ဆိုတဲ့ စိတ်နဲ့ ရောက်တဲ့နေရာမှာ သားသမီးတွေကို ပညာသင်ယူခိုင်းခဲ့ပါတယ်။ သူမရဲ့မိခင်ကြောင့်လည်း အခုလိုပညာတွေကို သင်ယူနိုင်တာဖြစ်တယ်လို့ မော်မိမာက ပြောပါတယ်။
မွေးချင်းမောင်နှမ (၅) ယောက်ထဲက အကြီးဆုံးသမီးဖြစ်တဲ့ မော်မိမာဟာ လက်ရှိမှာ မိဘ၊ ခင်ပွန်းသည် အပါအဝင် သားသမီး (၂) ဦးနဲ့ အတူနေထိုင်ပါတယ်။
များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ နိစ္စဓူဝဖြတ်သန်းရတဲ့ မော်မိမာအတွက် ကျောင်းစာ (assignment) တင်ရမယ့်နေ့တွေမှာဆိုရင် ညသန်းခေါင်းချိန်ထိ အိမ်စာလုပ်နေရတာပါ။
“တညကို ၂ နာရီလောက်ပဲ အိပ်ခဲ့ရတဲ့ညတွေလည်း မနည်းဘူး” လို့ မော်မိမာက ပြောပါတယ်။
အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ အချိန်တွေမှာလည်း သူမအတွက် အချိန် ၁၀ မိနစ်၊ ၁၅ မိနစ်ဖြစ်ဖြစ် ရတဲ့အချိန်တွေနဲ့ စာကိုရအောင် ကျက်မှတ်နေရပါတယ်။
အလုပ်တာဝန် နဲ့ ကျောင်းစာတွေကို အချိန်ပြည့်ပေးရတဲ့ မော်မိမာအဖို့ သူမရဲ့ မိသားစုအတွက် အချိန်အများကြီး မပေးနိုင်ခဲ့ပါဘူး။
“အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတယောက်ဟာ အိမ်မှုကိစ္စတွေကို တာဝန်ယူရမယ်၊ အမျိုးသမီး
တ ယောက် ညအပြင်မထွက်ရဘူး” စတဲ့ ရှေးရိုးစွဲ အသိုက်အဝန်းကြောင့် လုပ်ငန်းခွင်နဲ့ မိသားစုအတွက် ပေးရတဲ့အချိန်တွေဟာ စိန်ခေါ်မှုတခုလို ဖြစ်လာတယ်လို့ မော်မိမာက ပြောပါတယ်။
“အမျိုးသမီးဖြစ်တဲ့အပေါ်မှာ ကျမအတွက်ပိုပြီးတော့မှ အမျိုးသားနဲ့စာလို့ရှိရင် စိန်ခေါ်မှုတွေအများကြီး ရှိတယ်ပေါ့နော။ အထူးသဖြင့် ကျမတို့ဒေသမှာက ဖွံ့ဖြိုးဆဲနိုင်ငံ ဖွံ့ဖြိုးဆဲအသိုင်းအဝိုင်းမှာ နေရတဲ့ အခါကျတော့ ယဉ်ကျေးမှုတွေ၊ အမြင်သဘောထားတွေ၊ အယူအဆတွေနဲ့ ပတ်သက်ပြီးတော့မှ အမျိုးသမီးတွေအပေါ်မှာ ဆက်ဆံတဲ့ဟာတွေက အများကြီး လေ့လာသင်ယူနေရတဲ့ ဟာမျိုးတွေ၊ ကြိုးစားကျော်ဖြတ်ရတဲ့ဟာမျိုးတွေ ရှိတယ်” လို့ သူကပြောပါတယ်။
ဒါတွေကြောင့်လည်း တချို့လုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။
“လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အမျိုးသားတွေနဲ့မတူတဲ့ လုံခြုံရေးပိုင်းမှာ။ လုံခြုံရေးပြောတဲ့ နေရာမှာ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတွေ၊ မွေးရာပါမတူညီတဲ့ ကျားနဲ့မကြားမှာ။ ဥပမာ အင်အားနဲ့ သုံးရမယ့် လုပ်ငန်းမျိုး၊ အန္တရာယ်များတဲ့ နေရာမှာ သွားတဲ့အခြေအနေမျိုး၊ တကယ့်စိန်ခေါ်မှုကြီးမားတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက်ချရတဲ့နေရာမျိုးတွေမှာဆို စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်နိုင်ဖို့က အဖက်ဖက်အတွက် စဉ်းစားရတယ်။ ကိုယ့်ရဲ့အနေအထား၊ ဆုံးဖြတ်ပြီးတော့မှ ထွက်လာမယ့် သူ့ရဲ့ နောက်ဆက်တွဲ၊ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီးတော့မှလည်း အမျိုးသမီး တယောက် အနေနဲ့ ဘယ်လိုဖြစ်လာနိုင်လဲဆိုတဲ့အပိုင်းတွေ အများကြီးပိုစဉ်းစားရတဲ့ အပိုင်းတွေ ရှိတယ်” လို့မော်မိမာ ကပြောပါတယ်။
မော်မိမာကတော့ သူမလုပ်ဆောင်နေတဲ့ ကရင်နီပညာရေးလုပ်ငန်းတွေ ဒီထက်မက ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မျှော်လင့်ထားပြီး ပညာရေးကြောင့် ကရင်နီ လူမှုအသိုင်းအဝိုင်း တိုးတက်ပြောင်းလဲလာတာ၊ အတွေးအခေါ် အသိအမြင်တွေ မြင့်မားလာတာတွေနဲ့ စစ်ရှောင်ကလေးအားလုံး ပဋိပက္ခကာလမှာ ပညာသင်ကြားနိုင်ဖို့က မော်မိမာရဲ့ ဆန္ဒပဲဖြစ်ပါတယ်။