spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်အတွက် ဝင်ခွင့်ခေါ်ယူနေ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကြားကာလ နည်းပညာတက္ကသိုလ် ( TU-Loikaw ) အတွက် ပထမဆုံး ဝင်ခွင့်ခေါ်ယူနေပြီလို့ သိရပါတယ်။

အဲ့ဒီတက္ကသိုလ်ကို လွိုင်ကော်နည်းပညာတက္ကသိုလ် ( TU-Loikaw ) ကျောင်းကနေ CDM ပြုလုပ်တဲ့ ဆရာ၊ ဆရာမတွေကနေ ဖွင့်လှစ်ဖို့ စီစဥ်ဆောင်ရွက်နေတာပါ။

“အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ဝင်စားတဲ့လူငယ်တွေ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနိုင်ဖို့အတွက် ဒီကြားကာလ တက္ကသိုလ်ပေါ်ပေါက်လာဖို့အတွက်ပေါ့နော။ နောက်တစ်ခုက ကျမတို့ နိုင်ငံတော်နဲ့ ပြည်နယ်ပြန်လည်တည်ဆောက်ရေးမှာ ပြည်နယ်ပြန်လည်ဖွံ့ဖြိုးရေးမှာ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ပြည်နယ်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ အင်ဂျင်နီယာ အတတ်ပညာရှင်တွေ ပေါ်ထွက်လာဖို့ အတွက်ပေါ့နော။ နောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေ စက်မှုနဲ့ အသက်မွေးပညာ သင်ကြားနိုင်တဲ့ အခွင့်အရေးရရှိဖို့ အတွက်ပေါ့နော။ အဲဒီအတွက် ကျမတို့ ဒီတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ရခြင်းဖြစ်တယ်။” လို့ TU-Loikaw ကနေ CDM ပြုလုပ်ထားတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

အဲ့ဒီတက္ကသိုလ်ကနေ မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ ဆိုပြီး ဘာသာရပ်လေးခုကို သင်ကြားပေးသွားဖို့ရှိမှာပါ။ ၆ နှစ်တက်ရောက်ရမည့် အဲဒီကျောင်းမှာ အထူးပြုဘာသာရပ်တစ်ခုစီအတွက် ကျောင်းသား ၂၀ ဦးခေါ်ယူသွားမယ်လို့ သိရပါတယ်။

သင်ကြားရေးအတွက် မြေပြင်နဲ့ အွန်လိုင်းစနစ် ပေါင်းစပ် သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

“ကျမတို့က မြေပြင်တက္ကသိုလ်လုပ်မှာပေါ့နော။ ပထမနှစ်က‌တော့ မြေပြင်တက္ကသိုလ်လုပ်မယ်။ သင်ကြားမှုကတော့ Online၊ On ground ပုံစံနှစ်မျိုးနဲ့ သွားမှာပေါ့နော။ သူတို့ရဲ့ assessment ကိုတော့ ကျမတို့ ချန်ထားတယ်ပေါ့နော။ နောင်မြေပြင်တက္ကသိုလ်ဖွင့်နိုင်တဲ့အချိန်ပေါ့နော။ ကျမတို့ဆိုရင် ကျမတို့ လက်တွေ့ပစ္စည်းတွေစုံလင်တဲ့အခါမှာ ကျမတို့ ဒီလက်တွေ့အမှတ်တွေကို ယူပြီးတော့မှ ဆက်သွားမှာပေါ့။” လို့ အဆိုပါ ဆရာမက ဆက်ပြောပါတယ်။

တက္ကသိုလ်အတွက် သင်ရိုးညွှန်းတမ်းကိုတော့ TU Network ကနေ သင်ယူသွားမယ်လို့ သိရပါတယ်။ ပထမဆုံးနှစ်အတွက် ကျောင်းသားတွေကိုတော့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သွားသူတွေကိုသာ လက်ခံသွားမယ်လို့ ဆိုပါတယ်။

နောင်နှစ်တွေအတွက် ပညာသင်နှစ်နောက်ပိုင်းမှာ အောင်မြင်သူတွေကို ဆက်လက်ဝင်ခွင့်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲ့ဒီတက္ကသိုလ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကနေစပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ ဝင်ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ကို Iuc Tu-Loikaw လူမှုကွန်ယက်စာမျက်နှာကနေလည်း လာရောက်စုံစမ်းမေးမြန်းလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

နည်းပညာတက္ကသိုလ်ဖွင့်လှစ်နိုင်ဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ပညာရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိတယ်လို့လည်း ဆိုထားပါတယ်။

spot_img
spot_img