spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ၃၀ ရာခိုင်နှုန်းပဲ လုပ်ဆောင်ပေးနိုင်သေး KSCC ကျန်းမာရေးကော်မတီပြော

လဲသျို့ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းက ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်သေးတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကော်စီ KSCC ရဲ့ ကျန်းမာရေးကော်မတီ ညွန်ကြားရေးမှူးဖြစ်သူ ခွန်းဖီးလစ် ကပြောပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ပိုကောင်းအောင်တော့ လုပ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဒီကြားမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေနဲ့ အန္တရာယ်ပြုမှုတွေကြားမှာ ကျနော်တို့ အခက်အခဲတွေ အများကြီးနဲ့ ကျနော်တို့ ကြုံနေရတဲ့ အခါကျတော့ လိုအပ်ချက်တွေက အခုကျနော်တို့ လုပ်နေတာက လိုအပ်ချက် ၃၀ရာခိုင်နှုန်းပဲရှိသေးတယ်။ ကျနော်အနေနဲ့ အဲ့လိုပဲ ပြောချင်တယ်။ “ လို့ ခွန်းဖီးလစ်က ပြောပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး စစ်ရှောင် နှစ်သိန်းနီးပါးအထိရှိနေပါတယ်။

စစ်ရှောင်အများစုဟာ တောတောင်ထဲမှာ စစ်ရှောင်ရတဲ့အတွက် ကျန်းမာရေးကုသခွင့် ယခင်ကလို လုံလုံလောက်လောက်မရှိပါဘူး။ ကရင်နီပြည်တွင်းက တချို့သော စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်တာတွေ၊ ဆေးကုသတဲ့ ကိရိယာမလုံလောက်တာတွေရှိပါတယ်။

“ကျမတို့ လောလောဆယ်တော့ ဆေးတော့ တအား ခက်ခဲတာပေါ့။ ချွေတာပြီးတော့ ချင့်ချိန်ပြီးတော့ ပေးတယ်။ ဥပမာ မိသားစုများတဲ့ လူတွေဆိုရင် တစ်ယောက်ကို (ဆေး) နှစ်လုံးလာ သုံးလုံးလား အဲ့လောက်ပဲ သောက်နိုင်အောင် ကျမတို့ စီစဉ်ပေးနေရတယ်။” လို့ ဖရူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပရဟိတ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် စစ်ကောင်စီက ဆေးဝါးစားနပ်ရိက္ခာတွေကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အတွက် ဆေးဝါးပို့ဆောင်ရေးမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ခွန်းဖီးလစ်က ဆက်ပြောပါတယ်။

“ဒီအရေးပေါ်အခြေအနေတွေကို လုပ်ကိုင်ကူညီဖို့အတွက်လည်း ဒီခရီးသွားလာရေးနဲ့ ဒီဆေးဝါးတွေ ရရှိဖို့အတွက် ကျနော်တို့က အခက်အခဲတွေ အရမ်းဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ မျှော်မှန်းပြီးတော့ ကျနော်တို့ စီစဉ်သလောက်တော့ ကျနော်တို့ မလုပ်ပေးနိုင်သေးဘူးပေါ့နော။” လို့ ခွန်းဖီးလစ် ကပြောပါတယ်။

လက်ရှိမှာ ကရင်နီပြည်တွင်းမှာ အရည်သွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ အတွက် ဖယ်ဒရယ် ကျန်းမာရေးဌာနကို ဖွဲ့စည်းထားတယ်လို့ ခွန်းဖီးလစ်က ပြောပါတယ်။

“ ဒီပြည်နယ်ထဲမှာရှိတဲ့ ဒီလက်နက်ကိုင်တိုင်းရင်းသားတွေက Train ထားတဲ့ ဆေးမှူးတွေရှိတယ်။ ကျန်းမာရေးဌာနတွေရှိတယ်။ အဲ့ဒီဖယ်ဒရယ်အောက်မှာက အဲ့တာတွေကို ကျနော်တို့ ထည့်ထားဖို့ပါ။ ဒါကလည်း ရည်ရွယ်တယ် ဆိုတာကလည်း အနာဂတ်မှာ ဒီပြည်နယ်အတွက်ကျန်းမာရေးဆိုင်ရာ အားလုံး ပူးပေါင်းပါဝင်ပြီးတော့ ဒီပြည်သူတွေရဲ့အရေး သူတို့ stament ထဲမှာ ထုတ်ထားသလိုပဲ။ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ရည်ရွယ်ချက်တွေအဲ့လို သူတို့စုစည်းပြီးတော့ ဒီဖယ်ဒရယ် ကျန်းမာရေးဌာနကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ “ လို့ ခွန်းဖီးလစ်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC-JCC Health ) ၊ အမျိုးသား ကျန်းမာရေး ကော်မတီ ( Nation Health Committee ) ၊တို့ အပြင် ကရင်နီပြည် တွင်းက ကရင်နီ ကျန်းမာရေး ဌာန ( KnHD ) ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် ( CHDN ) ၊ ဖယ်ဒရယ်ကျန်းမာရေး ပညာရှင်များကောင်စီ ( Federal Health Profession Council ) ၊ ကရင်နီ သူနာပြု အစည်းအရုံး ( Karenni nurses Association )၊ ကရင်နီပြည် ဆရာဝန်များအဖွဲ့ ၊ ပုဂ္ဂလိက ကျန်းမာရေး အဖွဲ့အစည်းများ စတဲ့ အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၂၅၇ဦးရှိနေပြီး စစ်ရှောင်ရင်းနဲ့ သေဆုံးသူ ၂၄ဦးအထိ ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဧပြီလ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – နွေဦးဂုရုလေးများ
ဓာတ်ပုံ – နွေဦးဂုရုလေးများ
ဓာတ်ပုံ – နွေဦးဂုရုလေးများ
ဓာတ်ပုံ – နွေဦးဂုရုလေးများ
spot_img
spot_img