ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတွင်းက လူထု အုပ်ချုပ်မှု ယန္တာရားအောက်မှာ ပြန်လာနေထိုင်မယ့် ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်လူထုတွေကို တာဝန်ယူ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေကို စစ်ကောင်စီဘက်က လာမယ့် မတ်လအတွင်း နောက်ဆုံးထား နေရပ်ပြန်ကြဖို့ ထပ်ခါ အသိပေးမှု ဖိအားပေးခံရမှုတွေရှိနေတာပါ။
“ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့ရဲ့ လူထုပေါ့နော်၊ လူထုတွေနေတဲ့ အရပ်ကိုပဲ ပြန်လာစေချင်ပါတယ်။ ပွင့်လင်းပြောရရင်ပေါ့။ ကျနော်တို့ရဲ့ လူထု ယန္တာရားအောက်မှာ ပြန်လာနေမယ်ဆိုရင်တော့ ကျနော်တို့ အားလုံးတာဝန်ယူပါတယ်။ သေချာတာတစ်ခုကတော့ စစ်ကောင်စီ အုပ်ချုပ်တဲ့ မြို့ပေါ်မှာတော့ ကျနော်တို့ ဘယ်လိုမှ သွားလုပ်ပေးလို့မရဘူးလေနော်။ “ လို့ ဦးဗညားက ဆိုပါတယ်။

စစ်ကောင်စီ အုပ်ချုပ်မှု ယန္တာရားအောက်မှာ နေထိုင်တဲ့ စစ်ရှောင်လူထုတွေကို ကူညီဆောင်ရွက်ဖို့ အခက်အခဲရှိပေမဲ့ လူထု အုပ်ချုပ်မှု ယန္တာရားအောက်က နေထိုင်တဲ့ စစ်ရှောင်လူထုတွေရဲ့ လိုအပ်ချက်ကိုတော့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရှမ်းပြည်အတွင်းကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ ထပ်ခါ ဖိအားပေးခံရတာတွေရှိပြီး မြို့နယ်တိုင်း နေရပ်ပြန်ခိုင်းတာမျိုးမဟုတ်ပဲ အချို့သော မြို့တွေမှာတော့ စစ်ရှောင်အသစ်လက်မခံတော့တဲ့ အခြေအနေ ရှိတာကို တွေ့ရတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။
ကရင်နီပြည်က စစ်ရှောင်တွေအပြင် လာရောက်ခိုလှုံသူ စစ်ရှောင်တိုင်းကို ထပ်မံ လက်မခံတော့တာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖိအားပေးခံရတဲ့ မြို့နယ်တွေက ညောင်ရွှေမြို့နယ်က အမြင့်ဆုံးလို့ပြောရမယ်။ အခြားမြို့နယ်ဖြစ်တဲ့ ပင်လောင်းတို့ ဆီဆိုင်တို့မှာလည်း ကရင်နီစစ်ရှောင်ရှိတာပေါ့နော်။ ဆိုတော့အခုက ဒီဆီဆိုင် တို့ ပင်လောင်းတို့ဖက်မှာရောက်တဲ့ စစ်ရှောင်တွေကိုတော့ နေရပ်ပြန်ခိုင်းတာထက် စစ်ရှောင်အသစ်ကို လက်မခံတော့တာ။ ကရင်နီစစ်ရှောင်တွေမှ မဟုတ်ဘူးပေါ့နော်။ စစ်ရှောင်အကုန်ပါ လက်မခံတော့တာက။”လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကတည်းက အထူးသဖြင့် တကြောပြန် တိုက်ပွဲ ဖြစ်တဲ့အချိန်မျိုးတွေမှာ စစ်ရှောင်အသစ် လက်မခံကြတော့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အမိန့်ကြောင့်မဟုတ်ပဲ စစ်ရှောင်ကူညီဆောင်ရွက်သူတွေအနေနဲ့ မြေပြင်ရဲ့ စစ်ရေးအခြေအနေကြောင့်သာ စစ်ရှောင်အသစ်တွေ ထပ်မံလက်မခံရဲကြတာဖြစ်တယ်လို့ ဆိုပါတယ်။
နေရပ်ပြန်ဖို့ ဖိအားပေးမှုမှာတော့ အသက်အန္တာရယ်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတာတော့ မရှိသေးဘူးလို့ ညောင်ရွှေရောက် လွိုင်ကော် စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“မပြန်လို့ရတဲ့အနေအထားလားဆိုတော့ မပြန်လို့မရဘူး။ စစ်ရှောင်တွေအကုန်ပိတ်မယ် အဲ့လိုပေါ့နော်။ ဒါပေမဲ့ အခြား အသက်အန္တာရာယ်ဆိုင်ရာ ခြိမ်းခြောက်မှုတွေတော့ လောလောဆယ် မကြားရသေးဘူးပေါ့” လို့ ညောင်ရွှေရောက် လွိုင်ကော် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အခုလို နေရပ်ပြန်ဖို့ ဖိအားပေးခံရမှုမှာ နေရပ်ပြန်လာပြီး လူထု အုပ်ချုပ်မှုယန္တာရားအောက်မှာ ပြန်လာနေထိုင်မယ့် စစ်ရှောင်လူထုတွေကိုတော့ စစ်ရှောင်တွေရဲ့ အခန်းကဏ္ဍအသီးသီးမှာ မူလဆောင်ရွက်တဲ့အတိုင်း ဆက်လက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဦးဗညားကပြောပါတယ်။
လက်ရှိကရင်နီပြည်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ သုံးသိန်းဝန်းကျင်အထိ ရှိနေဆဲဖြစ်ပြီး တချို့မှာ နီးစပ်ရာ တောင်ယာ၊ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ရှာဖွေဖြေရှင်းနေကြသလို လိုအပ်ချက်တွေလည်း များစွာ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက် နေသူတွေဆီကနေ သိရှိရပါတယ်။