spot_imgspot_imgspot_imgspot_img
Thursday, December 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ စောင် ၊ အနွေးထည် လိုအပ်ချက်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ လိုအပ်ချက်များပြားနေဆဲဖြစ်ပြီး လက်ရှိမှာလည်း ဆောင်းတွင်းကာလဖြစ်တာကြောင့် စောင် ၊ အနွေးထည်တွေ လိုအပ်နေတာကြောင့် တောင်းဆိုမှုတွေရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ တိမ်းရှောင်စဉ်က အသုံးအဆောင်ပစ္စည်းတွေ မပါလာတဲ့သူ များပြားသလို လက်ရှိအချိန်ထိ စောင် ၊ အနွေးထည်လည်း လုံလောက်မှုမရှိဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“စစ်စရှောင်ကတည်းက သူတို့မှာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတော့ ပစ္စည်းတွေ ပါမလာကြတာများတယ်ပေါ့နော။ အခုကာလ ဆောင်းရာသီဆိုရင် သူတို့အတွက် စောင်မလုံလောက်မှုတွေ ရှိတယ် ။ ခုဆို ပိုဆိုးပေါ့။ အနွေးထည်တွေလဲ လုံလောက်မှုမရှိဘူး။ စောင်တွေ တောင်းဆိုလာတာ ရှိတာပေါ့။ ဖျာရော အရမ်းအေးလာလို့ ပိုလိုအပ်နေတယ်” လို့ သူကပြောပါတယ်။

ကြားကာလ အစိုးရဖြစ်တဲ့ IEC ကို လိုအပ်ချက်နဲ့ပတ်သက်ပြီး တောင်းခံရသလို အလှူရှင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းခွဲရှိပြီး စောင် ၊ အနွေးထည် အပြင် တခြားအခြေခံစားနပ်ရိက္ခာလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေသတွင်းအဖွဲ့အစည်းတွေလည်း ကာလကြာရှည်စွာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် အလှူရှင်အဖွဲ့အစည်းတွေကို မှီခိုနေရပြီး လက်ရှိမှာလည်း ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ နည်းပါးလာတယ်လို့ သိရပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ပျိုးခင်းလေး စစ်ရှောင်စခန်းမှာ ၂၀၂၃ခုနှစ် ၊ တစ်လေးလုံးစစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ စုပေါင်းနေထိုင်ကြပြီး စစ်ရှောင်စခန်း တည်ရှိတာ တစ်နှစ်ရှိနေပေမယ့် လူမှုအသင်းအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှု မရရှိသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်၊ နာနတ်တော နဲ့ တခြားနေရာက စစ်ဘေးရှောင်တွေ နေထိုင်ကြပြီး အိမ်ခြေ ၂၇ အိမ် ၊ လူဦးရေ ၁၀၀ ရှိတယ်လို့ သိရပါတယ်။

ထောက်ပံ့လှူဒါန်းပေးတဲ့ အလှူရှင်အဖွဲ့အစည်းလည်း နည်းပါးသလို လိုအပ်နေတဲ့ စောင် ၊ အနွေးထည်တွေ ဝယ်ယူဖို့ကလည်း စစ်ဘေးရှောင်တွေက ငွေကြေးအခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။

“ကျမတို့ စထွက်လာတုန်းကဆို ဘာမပါဘူးလေးနော။ မလိုလောက်ပါဘူးဆိုတာမျိုးလည်း တွေးကြတာလည်း ဖြစ်မှာပါ အခုတော့ စောင်ကစ လိုအပ်တယ်။ အေးနေပြီးလေး။” သူက ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ ကရင်နီပြည်က စစ်ဘေးရှောင်ဦးရေ သုံးသိန်းအတွက် စားနပ်ရိက္ခာ ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စိန်ခေါ်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts