ကန္တာရဝတီတိုင်း(မ်)
ရလာတဲ့ စပါးအိတ် ၂၀ အိတ် (၃ ပုံးဝင်ဆံ့တဲ့ ဆာလာအိတ်)ကို ကြည့်ပြီး တနှစ်စာအတွက် ဖူလုံမှုမရှိမှာကို မူချယ်ရီတယောက် ကြိုပြီး ပူပန်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က မောင်လေးဖြစ်သူရဲ့လယ်ကိုငှားပြီး စပါးစိုက်ပေမဲ့ တနှစ်စာ မဖူလုံတာကြောင့် စပါးမထွက်ခင်အထိ ဆန်ဝယ်စားခဲ့ရတာပါ။
ကိုယ်ပိုင်စပါး စိုက်ထားပေမဲ့ မလုံလောက်တာကြောင့် ဒီနှစ်စပါးအသစ်တွေ မရိတ်သိမ်းနိုင်သေးတဲ့ အချိန်အထိ မူချယ်ရီတို့ မိသားစု ကျပ် ၃ သိန်းဖိုး (ဆန် ၃အိတ်စာ) ဝယ်စားခဲ့ရပါတယ်။
“ပြည် နဲ့ပဲဝယ်ရတာပြောရမပေါ့။ စုစုပေါင်းနဲ့ဆိုတော့ ၃ အိတ်ဖြစ်သွားတာပေါ့ ဒီနှစ်ကျတော့” လို့ အခုနှစ်မှာ ၀ယ်စားရတဲ့ ဆန်ပမာဏကို ပြောပြပါတယ်။
ဆန်ဝယ်စားရတဲ့ ကုန်ကျစရိတ်က တယောက်တည်းရုန်းကန်နေရတဲ့ မူချယ်ရီအဖို့ အလွန်များတဲ့ ပမာဏဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် မူချယ်ရီမှာ ၁၇ နှစ်အရွယ်သမီးတယောက်ရှိပြီး မုဆိုးမဘဝနဲ့ ဘဝကိုရုန်းကန်နေရသူပါ။
မိသားစုရဲ့ ဆန်ပုံးထဲက လက်ကျန်ဆန်ကိုကြည့်ပြီး တနေ့တာချက်ရမယ့်ထမင်းကို အလေအလွှင့်မရှိအောင် မူချယ်ရီတယောက် သေချာတွက်ချက်ပြီးမှ ချက်ရပါတယ်။ ကျောင်းတက်နေတဲ့ သမီးလေးကို သုံးနပ် ပုံမှန်ကျွေးပြီး မူချယ်ရီကတော့ တနပ်လျှော့စားတတ်ပါတယ်။
“သမီးဝဖို့ပဲ အရေးကြီးတာဆိုတော့ ကျမကျတော့ နည်းနည်းတော့ လျှော့စားတာပေါ့။ နေ့လည်ကျတော့ မစားတော့ဘူး။ မနက်၊ ညပဲစားတယ်” လို့ မူချယ်ရီပြောပါတယ်။
ဆန်တပြည်( နို့ဆီဘူး ၈လုံး) ကို သူမတို့ သားအမိနှစ်ယောက်အတွက် နှစ်ရက်စာစားရပါတယ်။ သမီးဖြစ်သူက ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ ကျောင်းတကျောင်းမှာ ၁၂ တန်းတက်ရောက်နေပြီး ကျောင်းလစဉ်ကြေး ၂၀၀၀၀ ကျပ် ပုံမှန်သွင်းရသလို စာအုပ်ဖိုး နဲ့ ကျောင်းသုံးကိရိယာအတွက် တလကို ၅၀၀၀၀ ကျပ်ဝန်းကျင် ကုန်ကျပါတယ်။
ဒီကုန်ကျစရိတ်တွေကို မူချယ်ရီတယောက် နေ့စားလိုက်ပြီး ဖြေရှင်းနေရတာပါ။ စပါးစိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းချိန်တွေ အငှားလိုက်တာ၊ ပြောင်းစိုက်ခင်းမှာ ပေါင်းလိုက်တာတွေကို နေ့စားလိုက်ပြီး တရက် ၁၂၀၀၀ ကျပ် လုပ်အားခရပါတယ်။ တရက်လုပ်မှ တရက်စားရတဲ့ မူချယ်ရီတို့အဖို့ နေ့စားအငှား မလိုက်ရတဲ့အချိန် ဒါမှမဟုတ် စိုက်ပျိုးရေးအလုပ်မရှိတဲ့အချိန် (ဆောင်းတွင်းနဲ့ နွေရာသီ) ရာသီမှာဆိုရင် စားဝတ်နေရေး အတွက် ပိုခက်ခဲပါတယ်။
ဒါ့အပြင် အဲဒီလိုအချိန်တွေမှာ သမီးဖြစ်သူရဲ့ ကျောင်းစရိတ်တွေအတွက်လည်း သူမခေါင်းခဲရပြန်ပါတယ်။
“တလပိုင်း နှစ်လပိုင်း သူများမငှားဘူးဆိုတော့ အိမ်မှာကြက်မွေးပြီး ကြက်တကောင်၊ နှစ်ကောင် ကြီးရင်လည်း ရောင်းပြီး ပံ့ပိုးရတာပေါ့။” လို့ မူချယ်ရီပြောပါတယ်။
အာဏာမသိမ်းခင် ၁ သောင်းကျပ်ဝန်းကျင်သာရှိတဲ့ အမဲသားတပိဿာဟာလည်း လက်ရှိမှာ ၃၀၀၀၀ ကျပ်အထိ ဈေးရှိနေပါတယ်။ အမဲသားမှ မဟုတ်ပါဘူး။ တခြားအခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ ၃ ဆနီးပါး မြင့်တက်လာနေတာပါ။
ဒီလိုမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် မူချယ်ရီအဖို့ အာဟာရဖြစ်စေမယ့် အသားဟင်း၊ မုန့်ပဲ သွားရည်စာတွေကို ဝယ်စားနိုင်ဖို့ တွန့်ဆုတ်စေပါတယ်။
အာဏာမသိမ်းခင် တပတ်လျှင် အနည်းဆုံး တပိဿာ ပုံမှန်ဝယ်စားဖြစ်တဲ့ အမဲသားကိုလည်း လက်ရှိ တလမှာ ၅၀ သား နှစ်ခါသာ ဝယ်စားဖြစ်ပါတယ်။ ဒါ့အပြင် အသင့်သောက် ကော်ဖီမစ်တွေကိုလည်း အထုတ်၃၀ ပါ အထုပ်ကြီးကို ဝယ်သောက်နိုင်ခဲ့ပေမဲ့ အခုတော့ ကော်ဖီမစ် သေးသေးတထုပ်ကိုပင် ဝယ်ဖို့ ခက်ခဲလာသလို မုန့်ပဲသွားရည်စာဆိုတာ သူမတို့နဲ့ လုံးဝမသက်ဆိုင်တော့သလို ဖြစ်နေပါတယ်။
“ပေါင်မုန့်တလုံးက ၁၂၀၀ ဆိုတော့ သမီးလည်းမစားရဘူး၊ ကိုယ်လည်း မစားရဘူး” လို့ မူချယ်ရီက ပြောပါတယ်။
အာဏာမသိမ်းခင် မူချယ်ရီဟာ အမေတခု သမီးတခုဘဝနဲ့ ရုန်းကန်နေရတာပါပဲ။ စိုက်ပျိုးရေးအလုပ်တွေရှိချိန်မှာ နေ့စား လိုက်၊ အားလပ်ချိန်မှာ အပိုဝင်ငွေရဖို့ အဝတ်အစားတွေကို မြို့မှာတက်ဝယ်ပြီး ရွာမှာပြန်ရောင်းတဲ့ အလုပ်ကို မူချယ်ရီ လုပ်ခဲ့ပါတယ်။
ဒါတွေအပြင် အိမ်နောက်ဖေးမှာ ဟင်းသီးဟင်ရွက်စိုက်တာ၊ တနိုင်တပိုင် ကြက် နဲ့ ဝက်တွေကို မွေးမြူပြီး မူချယ်ရီတို့ သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် မပူပန်ခဲ့ရပါဘူး။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရာအားလုံးက ကြပ်တည်းသွားတာပါ။
မူချယ်ရီတို့ရွာသူရွာသားတွေဟာ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းကြပြီး အဓိက စပါးကိုစိုက်ပျိုးကာ တခြားသော ပြောင်း၊ မြေပဲ စတာတွေလည်း စိုက်ပျိုးကြပါတယ်။ သူမတို့ရွာကတော့ ဒီးမော့ဆို အနောက်ဖက်ခြမ်းက ဖြစ်ပါတယ်။
အိမ်မှာယောကျ်ားသားမရှိတဲ့အပြင် ကိုယ်ပိုင်လယ်၊ယာတွေမရှိတဲ့ မူချယ်ရီအဖို့တော့ စားဝတ်နေရေးအတွက် တခြားသူရဲ့လယ်ကို ငှားပြီး စပါးကို နှစ်စဉ် စိုက်ပျိုးနေပါတယ်။ ဒီနှစ်အဖို့တော့ တဧကတောင်မပြည့်တဲ့ သူမ မောင်လေးရဲ့လယ်ကို ငှားရမ်းစိုက်ပျိုးခဲ့တာပါ။
လယ်စိုက်ခွင့်ရတယ်ဆိုပေမဲ့လည်း ကုန်ကျစရိတ်တွေက များပါတယ်။
မောင်ဖြစ်သူကို လယ်ငှားခအတွက် ကျပ် ၁ သိန်းခွဲ ပေးရပြီး လယ်ထွန်ခကိုတော့ နာရီဝက်စာကို ၄ သောင်းခွဲပေးရပါတယ်။ တခြားလုပ်အားခတွေအတွက်တော့ သူမရဲ့ မောင်နှမတွေက ကူလုပ်ပေးကြပါတယ်။ ဒီအတွက် မူချယ်ရီကလည်း တလှည့် ပြန်ကူပေးပါတယ်။
မြေဩဇာတွေ ဈေးကြီးတာကြောင့်လည်း မူချယ်ရီဟာ အိတ်လိုက်မြေဩဇာကို မဝယ်နိုင်ဘဲ အိတ်တဝက်ကို နှစ်ခါ၊ သုံးခါခွဲ ဝယ်ခဲ့ရပါတယ်။
“အခုက ကုန်ဈေးနှုန်းတက်ဆိုတော့ ကိုယ့်အတွက်ကတော့ ပိုပြီးခက်ခဲနေတာပေါ့” လို့ ညည်းနေပါတယ်။
မူချယ်ရီတို့ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းကရွာအထိ တိုက်ပွဲတခါမှ မဖြစ်ပွားဖူးတာ ကြောင့် တရွာလုံးက စစ်မရှောင်ကြပါဘူး။ စစ်မရှောင်ကြရတော့ နေရာထိုင်ခင်းတွေအတွက် ပူပန်စရာမရှိပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကိုတော့ သူမတို့ ကြုံတွေ့ခဲ့ရပါတယ်။
လက်ရှိ မူချယ်ရီတို့ရွာမှာ စစ်ရှောင်အိမ်ခြေ ၅၀ နီးပါး လာရောက်ခိုလှုံတာရှိပါတယ်။ အဲဒီစစ်ရှောင်တွေ ကို အဖွဲ့အစည်းတခုကနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လစဉ်ထောက်ပံ့ပေး ပါတယ်။
ဒီလို လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို စစ်မရှောင်ရတဲ့ မူချယ်ရီတို့အဖို့တော့ တခါမှ မရရှိခဲ့ဖူးပါဘူး။
လူဦးရေ သုံးသိန်းဝန်းကျင်ရှိတဲ့ ကရင်နီပြည်မှာ လူဦးရေ သုံးပုံနှစ်ပုံဟာ စစ်ဘေးသင့်ခဲ့ပြီး စစ်ရှောင်တွေဟာ အလှူရှင်တွေကိုသာ အားကိုးနေရပါတယ်။
စစ်ပွဲရဲ့ နောက်ဆက်တွဲကြောင့် ကရင်နီက နေရာအနှံ့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်၊ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကို ခံခဲ့ရပါတယ်။ တိုက်ပွဲမဖြစ်ဖူးတဲ့ နယ်မြေဧရိယာက ပြည်နယ်နဲ့ ၁၀ ရာခိုင်နှုန်းသာရှိပြီး အဲဒီနေရာတွေကတော့ ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသ၊ ဖရူဆိုမြို့နယ် နဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတချို့တွေပါ။ မော်ချီးဒေသကလွဲပြီး ကျန်တဲ့ နေရာဒေသတွေမှာ လယ်ယာလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်ကြတာဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း စစ်ရှောင်တွေကိုပဲ ဦးစားပေးနေရတဲ့ အနေအထားမှာရှိနေတာပါ။
စစ်ရှောင်မဟုတ်တဲ့ လူနည်းစုတွေဟာ သူတို့အိုးအိမ်နဲ့ နေထိုင်ရသေးတာကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ စစ်ရှောင်တွေကို ပိုမိုဦးစားပေး ကူညီနေတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီသူတဦးက ပြောပါတယ်။
“နောက်ပိုင်းတော့ ကျနော်တို့ host community (အိမ်ရှင်အသိုင်းအဝိုင်း) တွေအတွက် လုပ်ပေးမယ့် အစီအစဉ်တွေတော့ ရှိအုံးမှာပါ။ အခုတော့ မရှိသေးဘူးပေါ့နော်” လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲတွေကြား တိုက်ပွဲပဋိပက္ခတွေတွေကြောင့် ကရင်နီက ပြည်သူတွေအားလုံးနီးပါးဟာ စစ်ဘေးဒဏ်ကို ခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်မေလအတွင်း ကရင်နီက ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို တိုက်ပွဲ တွေလည်း ပြင်းထန်ခဲ့ပါတယ်။ အဲဒီကနေတဆင့် စစ်မီးဟာ တပြည်နယ်လုံးကို လွှမ်းခြုံခဲ့ ပါတော့တယ်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ ထွက်ပြေးတိမ်းရှောင်တာကနေ လက်ရှိအချိန်ထိ နေရပ်မပြန် နိုင်သေးတဲ့ စစ်ရှောင်တွေ လက်ရှိအချိန်အထိ ဒုနဲ့ဒေးရှိနေပါတယ်။ အနည်းငယ်သော စစ်ရှောင်တွေကတော့ ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြပါပြီ။
ကျေးရွာထဲပြန်လာနေထိုင်လို့ရတဲ့ လူဦးရေအနည်းငယ်ထဲမှာ ဒေါ်သိုးမိုးမိသားစု ပါဝင်ပါတယ်။ သူမတို့မိသားစုဟာ ဒီးမော့ဆို အနောက်ခြမ်းက ရွာတရွာမှာ နေထိုင်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ စစ်ရှောင်ရတဲ့အတွက် ၂၀၂၃ နှစ်စပိုင်းမှာ ရွာကို ပြန်လာနေထိုင်ခဲ့တာပါ။
စစ်ရှောင်ဘ၀ကနေ နေရပ်ပြန်လာပြီးနောက် တနှစ်နီးပါး ဆန်ဝယ်စားရတဲ့ အသက် ၄၀ ဝန်းကျင် အရွယ် ဒေါ်သိုးမိုးကတော့ ဆန်ဝယ်စားရတဲ့ အတောအတွင်းအမှာ တခြားအသုံးစရိတ်တွေကို လျှော့သုံးရတယ်လို့ ပြောပါတယ်။
“ဆန်က တအိတ် ၁ သိန်းလောက်ရှိတယ်လေ။ မိသားစုဝင် ၅ ယောက်ဆို တလတအိတ်က မလောက်ဘူး။ ဆီကလည်း ဈေးကြီးမှကြီး။ ရွာစပြန်နေတော့ စပါးစိုက်စားလို့မရသေးဘူးကော။ ဒီနှစ် စိုက်ရာသီမှာ စိုက်တာ ခုမှရတယ်ဆိုတော့ နောက်နှစ်အတွက်ပဲပေါ့ ဒီနှစ်စိုက်တဲ့စပါးက” လို့ ပြောပါတယ်။
ဒေါ်သိုးမိုးဟာ ရွာမှာပြန်နေထိုင်ခဲ့တဲ့ အတောအတွင်း မူချယ်ရီလိုပဲ အကူအညီတစုံတရာ မရရှိခဲ့ဖူးပါဘူး။
စစ်ရေးပဋိပက္ခတွေကြား စစ်မရှောင်ရပေမဲ့ ဝမ်းရေးဖြေရှင်းဖို့ ခက်ခဲနေတဲ့အချိန်ကာလတွေကို မူချယ်ရီနဲ့ ဒေါ်သိုးမိုးတို့ နှစ်ယောက် အမြန်ဆုံးလွတ်မြောက်ချင်နေကြတာပါ။
သူမတို့နှစ်ယောက် နောက်ထပ်တူညီတဲ့ မျှော်လင့်ချက်ကတော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့်ရကြဖို့ပါပဲ….။