ကေးဒူ / ကန္တာရဝတီတိုင်း ( မ် )
အသက် ၂၅ နှစ်အရွယ် ခူးမြာရယ်က အာဏာမသိမ်းမီကာလတုန်းကတော့ ကွန်ပြူတာကျောင်းသားတဦးပါ။ အခုကတော့ စစ်ရှောင်စခန်းက ကလေးငယ်တွေကို ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA)နဲ့အတူ ကွန်ပြူတာအခြေခံသင်ခန်းစာတွေကို လိုက်လံပို့ချပေးနေပါတယ်။
လက်ရှိအချိန်ထိ ခူးမြာရယ်တို့ သင်တန်းပေးခဲ့တဲ့ သင်တန်းသူ၊ သင်တန်းသားပေါင်း ၁၇၀ ဦးထိရှိနေပါပြီ။
“ကွန်ပြူတာဆိုတာ ဒီနေ့ခေတ်အနေနဲ့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် မျိုးဆက်သစ်လူငယ်တွေဟာ ကွန်ပြူတာဆိုတာကို သိကိုသိသင့်တယ်။ တတ်ကိုတတ်သင့်တယ်ဆိုတာထက် ကျနော်တို့ တတ်ကိုတတ်ရမယ်၊ သိကိုသိရမယ်ပေါ့နော။ ဟုတ်ပြီ မြန်မာနိုင်ငံမှာ ခုကျနော်တို့ နေရာတကာ စစ် တွေဖြစ်နေတယ်။ ပဋိပက္ခတွေဖြစ်နေတယ်။ သို့သော်လည်းပဲ စစ်ရှောင်နေရတဲ့ ကျနော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ကျနော် ကွန်ပြူတာ ကို သူတို့ အတွက် basic လောက်ကတော့ သိကိုသိထားသင့်ကြတာပေါ့နော.” လို့ ခူးမြာရယ်ကပြောပါတယ်။
ခူးမြာရယ်က KPPA အဖွဲ့ နဲ့အတူ ကွန်ပြူတာအခြေခံသင်တန်းကို ပို့ချပေးတာ အခုဆိုရင် အပတ်စဉ် ၄ အထိ ပြီးမြောက်သွားပါပြီ။
ယခု နိုဝင်ဘာလအတွင်းမှာပဲ နောက်ထပ် စစ်ရှောင်စခန်းတခုမှာ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၅)ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေး သင်ယူခွင့် အခွင့်အရေးတွေကို ဆုံးရှုံးနေရတဲ့ လူငယ်တွေရဲ့ ခံစားချက်ကို သူ တတ်စွမ်းတဲ့အပိုင်းကနေ ပါဝင်ကူညီနိုင်ဖို့ကို ကြိုစားနေသူတဦးပါ။ အခုလိုနည်းပညာခေတ်ကြီးမှာ စစ်ပွဲပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်က ကျောင်းသားလူငယ်တွေကို တတ်သိနားလည်ထားသင့်တဲ့ ပညာတွေကို အဆက်မပြတ်သွားစေဖို့ ခူးမြာရယ်က ကြိုးစားပေးနေပါတယ်။
“ဒီနိုင်ငံမှာ စစ်ကြောင့် ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ကျနော်တို့ နောက်လာမယ့် မျိုးဆက်သစ်လူငယ်တွေ နိုင်ငံတကာ မှာ ကျနော်တို့ မျက်စိမှိတ်၊ နားပိတ် “အ” နေခဲ့မှာကို ကျနော်လုံးဝ မလိုချင်ဘူးပေါ့နော။” လို့ ခူးမြာရယ်ကပြောပါတယ်။
ခူးမြာရယ်ကိုယ်တိုင် စစ်တပ်အာဏာ မသိမ်းခင်က ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ဖြစ်ပါတယ်။ IT (Information Technology) ကို ရူးသွပ်သူ လူငယ်တယောက်လည်းဖြစ်ပါတယ်။
စစ်တပ်အာဏာ သိမ်းယူလိုက်တာကြောင့် သူရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ လက်တကမ်းအလိုမှာပဲ ရိုက်ချိုးခံလိုက်ရတာပါ။ ကျောင်းတက်နေစဉ်မှာတုန်းက နည်းပညာဆိုင်ရာ ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးပြီး ဆုတွေလည်း ရရှိခဲ့ဖူးသူတဦးပါ။
သူဟာ (IT) ပညာရပ်မှာ အလွန်ဝါသနာပါသူ၊ ထူးချွန်သူတဦးဖြစ်လို့ CDM ပြုလုပ်လိုက်တဲ့သူ့ကို ကျောင်းက ဆရာ၊ ဆရာမတွေက နှမျောနေကြပါတယ်။ CDM မပြုလုပ်ဖို့ ကျောင်းက ဆရာ၊ ဆရာမတွေက တိုက်တွန်းပြောဆိုတာတွေရှိနေပေမဲ့ စစ်တပ်အာဏာသိမ်းယူမှုအပေါ်ကို သဘောမတွေ့တဲ့ ခူးမြာရယ်ကတော့ ဆရာ၊ ဆရာမတွေရဲ့ တိုက်တွန်းပြောဆိုချက်ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တာပါ။
သူ့လိုမျိုးပဲ စစ်တပ်အာဏာသိမ်းယူမှုကို လက်သင့်မခံနိုင်တဲ့ တခြားသောလူငယ်တွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြရင်းကနေ လက်နက်ကိုင်တွန်းလှန်မှုတွေ ပြင်းထန်တဲ့ ယနေ့အချိန်ထိ စစ်တပ်အာဏာရှင်စနစ်ကို တက်ကြွစွာ ဆန့်ကျင်ခဲ့တဲ့သူ တဦးပါ။
ခူးမြာရယ်ဟာ CDM လုပ်နေရင်းကနေလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပါသေးတယ်။ ၂၀၂၁ ခုနစ် စက်တင်ဘာလမှာ သူ့မိဘဆီကို ပြန်တဲ့ အိမ်အပြန်လမ်းမှာပဲ “ရဲစခန်း ခဏလိုက်ခဲ့”ဆိုပြီး စစ်တပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။ စစ်ကောင်စီတပ်က သူ့ကို မတရားအသင်း ဆက်သွယ်မှုနဲ့ စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ စစ်ကြောရေးမှာ (၁) ပတ်ကြာ အမှောင်ချထားပြီး ရိုက်နက်နှိပ်စက်ခံခဲ့ရသလို၊ ဘယ်သူနဲ့မှလည်း အဆက်သွယ်မရခဲ့ပါဘူး။ တပတ်ကျော်ကြာမှသာ သူ့ကို ၁၇/၁ နဲ့ စွဲချက်တင်ထားတဲ့အကြောင်းကို သိလိုက်ရတာပါ။
“နှိပ်စက်ခံရတာကတော့ ဆိုးဆိုးဝါးဝါးပဲ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်” လို့ ခူးမြာရယ်က ပြန်ပြောပြပါတယ်။
စစ်ကြောရေးမှာရှိနေခဲ့တုန်းကလည်း စစ်ကောင်စီတပ်တွေကတော့ “ငါနဲ့မတူ ငါ့ရန်သူ” ဆိုသလို ဝိုင်းပြီး နှိပ်စက် လို့ သွေးထွက်သံယိုဖြစ်နေတဲ့ သူတွေ၊ အကြောင်းရင်းမသိရပဲ ပျောက်သွားသူတွေကိုလည်း မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်းကို သူက ပြောပြပါတယ်။
“ဒကစ မှာပဲ ပျောက်သွားတယ်ပေါ့နော်။ ဘယ်ပျောက်သွားမှန်းမသိဘူး။ သတင်းလည်း အကုန်ပိတ်ထားတယ်ပေါ့။ ရဲအချုပ်ကိုရောက်လာတဲ့ အချိန်မှာလည်း သူတို့ နှိပ်စက်ထားလို့ သွေးထွက်သံယိုနဲ့ ဖြစ်နေတဲ့လူတွေလည်းအများကြီးပဲ။ မျက်စိရှေ့မှာလည်း ဖြစ်တော့ အရမ်းဝမ်းနည်းတာပေါ့။ ဆေးရုံတော့ မပို့ပေးဘူး။ အထဲမှာရှိတဲ့ဆေးနဲ့ပဲ ဖြစ်သလို ကုပေးကြတယ်” လို့ ခူးမြာရယ်ကပြောပါတယ်။
လွိုင်ကော် အကျဉ်းထောင်ထဲမှာ (၂) နှစ်ကျော်ကြာနေခဲ့ရပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာပဲ လွတ်ရက်ပြည့်နဲ့ ပြန်လာလွတ်မြောက်လာခဲ့တာပါ။ လွတ်ရက်စေ့တဲ့ရက်မှာ ချက်ချင်းမလွတ်ရပဲ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲခြေအနေတွေကြောင့် (၂) လနီးပါးကြား ဆက်လက်ပိတ်မိနေခဲ့ပါသေးတယ်။
၂၀၂၄ ခုနစ် ဖေဖော်ဝါရီလပိုင်းမှာတော့ သူနေထိုင်ရာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဒီးမော့ဆိုမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သို့ပေမဲ့ လွိုင်ကော် အကျဉ်းထောင်ထဲမှာ (၂) နှစ်ကျော်ကြာနေခဲ့တာ ဖြစ်လို့ ဒီးမော့ဆိုမြို့ကလေးဟာ သူ့အတွက် အဆန်းအပြားတွေ ဖြစ်နေခဲ့ပါတယ်။ သူရဲ့ မွေးဖွားရာဇာတိမြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင် ကျေးရွာကလေးဟာတော့ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။
လက်ရှိမှာတော့ အများသူငှာနည်းတူ စစ်ရှောင်စခန်းမှာနေထိုင်ပြီး သူတတ်ထားတဲ့ပညာနဲ့ ကလေးငယ်တွေရဲ့ ပညာရေး အဆက်မပြတ်ဖို့ အတွက် သူတတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူပေးနေပါတယ်။
“တချို့က ကွန်ပြူတာကိုလည်း ရူးရူးသွပ်သွပ် လိုလိုလားလား ဖြစ်နေတဲ့ ကလေးတွေလည်းရှိတယ်ပေါ့နော။ အဲ့ဒီလိုကလေးတွေလည်း သူတို့ ဘယ်မှာသွားပြီး ဘယ်လို learning လုပ်ရမလဲဆိုတာလည်း သူတို့ လမ်းစတွေ ပျောက်နေတယ်ပေါ့နော။ ဆိုတော့ အဲဒါကို ကိုယ်က လမ်းစ ပြန်ပေးချင်တယ်ပေါ့နော။” လို့ ခူးမြာရယ်ကပြောပါတယ်။
ခူးမြာရယ်တို့ရဲ့ ကွန်ပြူတာအခြေခံသင်တန်းမှာတော့ ကွန်ပျူတာ မလုံလောက်မှုတွေ ၊ နေရာ ထိုင်ခင်းအဆင်မပြေမှုတွေ ၊ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သင်တန်းအတွက် သုံးတဲ့ ကွန်ပြူတာတွေကတော့ စေတနာရှင်တွေလှူဒါန်းပေးတဲ့ ကွန်ပြူတာတွေအပါဝင် ပျက်စီးနေတဲ့ ကွန်ပြူတာအဟောင်းတွေကို ယူပြီး ပြင်ဆင်အသုံးပြုနေကြရတာပါ။
“ဒီသင်တန်းပေးတာကို update လုပ်ချင်တယ်။ Basic အနေနဲသွားတာ မဟုတ်ဘဲ update အနေနဲ့ ထပ်သွားချင်တယ်။ ဒါပေမဲ့ အဲလိုသွားဖို့ကျတော့ Laptop တွေက အဆင်မပြေဘူး။ Laptop တွေက ဂျန်(generation) အရမ်းနိမ့်နေတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဇန်နဝါရီလမှ စတင်ခဲ့တဲ့ ဒီကွန်ပြူတာ သင်တန်းကို အခက်အခဲအမျိုးမျိုးကြားက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ခူးမြာရယ်တို့ ဖြတ်ကျော်လာခဲ့ပါပြီ။
အခက်အခဲကာလကြားထဲမှာ ကွန်ပျူတာ ပညာရပ်တွေကို စိတ်ဝင်စားကြတဲ့ ကလေးတွေရဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ခဲ့ရတဲ့ ခူးမြာရယ်တယောက် နောက်ထပ် သင်တန်းတွေကို ဆက်လက်ပေးနိုင်ဖို့ကို ကြိုစားနေခဲ့ပါတယ်။
သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသူ၊သားတွေကိုလည်း အလုပ်သင်အဖြစ် KPPA မှာ ပြန်လည်လက်တွဲခေါ်ယူပေးနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“ သင်တန်းတွေ တတ်မြောက်ပြီးရင်တော့ (KPPA) ရုံးမှာ အတွေ့အကြုံတွေ ပြန်လာယူလို့ ရတယ်။ အမြဲတမ်းခေါ်တယ်ပေါ့နော်။ သင်တန်း အပတ်စဉ်တိုင်းကို ”
အခုလို စစ်ရှောင်စခန်းက ကလေးတွေကို အခြေခံကွန်ပျူတာလေး သင်ပေးတာဟာ သူ့ဝါသနာရဲ့ တစိတ်တပိုင်းဖြစ်သလို ကလေးတွေအတွက်လည်း အကျိုးရှိနေလိမ့်မယ်လို့ သူက ခိုင်မာစွာ ယုံကြည်ထားသူ တဦးပါ။
ကရင်နီပြည်မှာ ၂၀၂၁ စစ်တပ်အာဏာ သိမ်းယူပြီး နောက်ပိုင်းကလေးတွေရဲ့ ပညာရေးဟာ တပိုင်းတစတွေ ဖြစ်ကုန်တာပါ။ တချို့တွေကတော့ ထိုင်းနပ်စပ်ကို ထွက်ပြေးတိမ်းရှောင်ပြီး ပညာရေးကို ဆက်လက်သင်ယူနေကြပါတယ်။
တချို့တွေကတော့ တောတွေတောင်တွေထဲမှာပဲ စစ်ရှောင်နေကြရင်း ပညာရေးကို လက်နက်ကြီးရန် ၊ လေကြောင်းရန် အန္တရာယ်ကြားကနေ ဆက်လက်သင်ယူနေကြတာပါ။ ကျောင်းပညာရေးကို စိတ်မဝင်စားတော့ပဲ လေလွင့်သွားတဲ့ ကျောင်းနေအရွယ် ကလေးတွေ၊ လူငယ်တွေ လည်းရှိသလို ပညာသင်နေရင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အသက်သေဆုံးသွားသူ ကျောင်းသားလူငယ်တွေ ကရင်နီပြည်မှာ ရှိနေပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျောင်းသား (၄)ဦးပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃၀)ကျော်ဝန်းကျင် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
အသက်ကို ဖက်နဲ့ ထုပ်ပြီး ပညာရေးကိုရှေ့ဆက်နေကြတဲ့ ကရင်နီကျောင်းသားလူငယ်တွေ အတွက် ခူးမြာရယ် တို့ တထောင့်တနေရာကနေ ဆက်လက်ကူညီသွားနိုင်ဖို့ ကြိုးစားနေကြရဦးမှာပဲဖြစ်ပါတယ်။