spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူထုဆီ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့ KSCSN လုပ်ဆောင်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိဖို့ နဲ့ ရန်ပုံငွေစီးဆင်းမှုလမ်းကြောင်း လူထုထံ တိုက်ရိုက်ရောက်ရှိနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်အရပ်ဖက် အဖွဲ့အစည်းများကွန်ရက် (KSCSN) က ပြောပါတယ်။

လှူဒါန်းလိုတဲ့ အလှူရှင်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ KSCSN ကို တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ KSCSN ကိုယ်စားပြုဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဂျူးလိယက် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိက ကျမတို့ ရန်ပုံငွေစီးဆင်းတဲ့အခါမှာဆိုလို့ရှိရင် ကြားမှာ မရှိပဲနဲ့ပေါ့နော် ဥပမာအားဖြင့် နိုင်ငံတကာ က လှူချင်တဲ့အဖွဲ့အစည်းရှိရင် ကြားခံနေတာမျိုးမဟုတ်ပဲနဲ့ နိုင်ငံတကာအဖွဲ့အစည်းက တိုက်ရိုက် ဒီ CSO ဆီ ကို ရောက်မယ်။ ပြီးရင် CSO ကနေ လူထုဆီကို တိုက်ရိုက်‌ရောက်တဲ့ဟာမျိုးကို တောင်းဆိုတာဖြစ်တယ်။” လို့ မဂျူးလိယက်က ဆိုပါတယ်။

ကရင်နီပြည်အရပ်ဖက် အဖွဲ့အစည်းများဖိုရမ်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ရက်တာ ပြုလုပ်ခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းပေါင်း (၃၆)ဖွဲ့က အဖွဲ့အစည်းကိုယ်စားပြုကိုယ်စားလှယ် စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီဖိုရမ်ကနေ ပြည်နယ်အတွင်းမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ စစ်ရေး နိုင်ငံရေးအခြေအနေတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ကိုင်စွဲတဲ့ ဘဏ္ဍရေးဆိုင်ရာ ရပ်တည်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးဝေမျှ သုံးသပ်ခဲ့ကြပြီး တစ်ပြည်နယ်လုံးကို ကိုယ်စားပြုတဲ့ အရပ်ဖက်အဖွဲ့အစည်းကွန်ရက်အနေနဲ့ ကရင်နီပြည်လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်(KSCSN) ကို ဖွဲ့စည်းခဲ့တာပါ။

ကွန်ရက်အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ကနေ ကိုယ်စားလှယ် ၂ ဦးစီ နဲ့ (၄၄) ဦးပါဝင်တဲ့ KSCSN ကိုယ်စားပြုဦးဆောင် ကော်မတီ ကို ဖွဲ့စည်းထားတာပါ။ KSCSN ဖွဲ့စည်းကြောင်းကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း လူသားချင်းစာနာထောက်ထားရေးအကူအညီနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အရပ်ဖက် အဖွဲ့အစည်းအသီးသီးက ပညာရေးပိုင်းတွေ၊ လူထု ဝန်ဆောင်မှုပေးလုပ်ငန်းတွေ နဲ့ လူငယ် ဖွံ့ဖြိုးရေး လုပ်ငန်းပိုင်းတွေ မှာ လုပ်ဆောင်နေတာရှိသလို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း KSCSN က အသိပေးပါတယ်။

ကရင်နီပြည်က CSO ကွန်ရက်တွေ အားကောင်းရေး၊ လူထုဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာမှာ လူထုတွေ တန်းတူညီမျှစွာ ရရှိစေရေး နဲ့ ကရင်နီ CSO အဖွဲ့တွေကို ပိုမို စည်းရုံးမှုတွေ လုပ်ဆောင်နိုင်ရေး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts