spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသမီးအကျဉ်းသားတွေ ပြန်ပြောင်းပြောပြတဲ့ ထောင်တွင်းက ဖြစ်ရပ်မှန်တွေ…….”

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

စစ်တပ်က စတင်အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး သောင်းဂဏန်းသော ကျား၊မ မရွေး၊ အသက်အရွယ်မရွေးသော မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ကြရပါတယ်။ အများစုက လူငယ်တွေပါ။ အဲ့ဒီအထဲမှာ အသက် ၃၅ နှစ်အရွယ် စံပါယ်(အမည်လွှဲ) လည်း ပါဝင်ပါတယ်။

သူမက ၅၂/၅၀ (ည) နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆိုခံရပြီး သက်သေမခိုင်လုံတာကြောင့် ၁၇/၁ ( မတရားအသင်း ဆက်သွယ်ရေးဥပဒေပုဒ်မ) နဲ့ ပြန်ပြောင်းစွဲဆိုခံခဲ့ရသူပါ။ အဲဒီပုဒ်မနဲ့ပဲ ၃ နှစ်ကြာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၂ လပိုင်း ၁၆ ရက်နေ့မှာ လွတ်ရက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

“ကျမတို့ကို ထည့်ထားတဲ့ အချုပ်ခန်းထဲမှာဆို တယောက်အိပ် ကွပ်ပျစ် သေးသေးတလုံး ချထားပါတယ်။ ကြွက်တွင်းကြီးတွေကလည်း အကြီးကြီးတွေ၊ မြေကြွက်ကြီးတွေနဲ့ ပုရွက်ဆိတ်တွေကလည်း လျှောက်ပြေးနေတာ အသဲယားစရာ အရမ်းကောင်းပါတယ်။ အနံ့အသက်တွေကလည်း တအားဆိုးပြီး စောင်စုတ်တွေကလည်း ဖုန်အလိမ်းလိမ်းနဲ့ ဒီတိုင်းပုံထားတာ တွေ့ရတယ်။ ဒီကြားထဲ မိလ္လာကျင်းအပေါက်က ကျမတို့ကို ထားတဲ့အခန်းမှာဖြစ်နေတော့ မိလ္လာပေါက်တွေကနေ လောက်ကြီးတွေ အပြုံလိုက် ထွက်ထွက်လာတာ တအားရွံဖို့ကောင်းပါတယ်။ စိတ်အရမ်းပျက်ဖို့ကောင်းပါတယ်။” လို့ စံပါယ်က သူမ စစ်ကြောခံရစဉ်ကာလက ကြုံခဲ့ရတဲ့ အခြေအနေတွေဟာ ကြောက်လန့်ဖွယ်ရာ ဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြနေတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် မေကြည်( အမည်လွှဲ) ဟာလည်း ၁၇/၁ နဲ့ တရားစွဲဆိုခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ နိုဝင်ဘာလ ၁၁ရက် နေ့မှာ သူမရဲ့နေအိမ်အထိ စစ်ကောင်စီတပ်သားတွေက လက်နက်နဲ့တကွ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ခုဝတ်ထားတာ ထမိန်လား၊ ထမိန်စကတ်လား မေးတော့ ထမိန်စကတ်လို့ဖြေတော့ အေ…အဲ့ဆို ခဏနေ နှိပ်စက်ရင် မကျွတ်တော့ဘူးဆိုပြီး စိတ်ပိုင်းဆိုင်ရာကို အမျိုးမျိုးသော စကားလုံးတွေနဲ့ နှိပ်စက်ခဲ့တယ်။ ပြီးတော့အောက်ထပ်မှာ နှိပ်စက်ခံနေရတဲ့ ယောကျာ်းလေးတွေရဲ့ အော်သံကို နားထောင်ခိုင်းပြီး ပြီးရင်နင့်အလှည့်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။” လို့ မေကြည်ကလည်း သူမ စစ်ကြောခံရစဉ်အခြေအနေကို ပြန်ပြောင်းပြောတာ ဖြစ်ပါတယ်။
…………..
အကျဉ်းထောင်ထဲက ပြန်လည်လွတ်မြောက်လာသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အများဆုံးတွေထဲက အများဆုံးကို ရရှိသွားကြတာပါ။ အထူးသဖြင့် အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့မှာ မေ့ပျောက်လို့မရနိုင်တော့တဲ့ ကြောက်စိတ်တွေ၊ အဖြစ်အပျက်တွေရှိနေတာပါ။ ဒီလိုအဖြစ်အပျက်တွေကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ရင်ထဲမှာ သံမှိုစွဲကပ်ထားသလို စွဲထင်ကျန်ရစ်နေနိုင်ပါတယ်။

“စစ်ကြောရေးရောက်တော့ စစ်ဆေးရေးအခန်းလို့ သူတို့သတ်မှတ်ထားတဲ့ အခန်းထဲကို မျက်စိပိတ်ပြီးခေါ် သွားတယ်။ အခန်းထဲရောက်တော့ မျက်စိပြန်ဖွင့်ပေးတော့ စစချင်းမြင်လိုက်ရတာက အုန်းလက်၊ ကျဉ်စက်၊ ရေပုံးအမည်း (ရေအပြည့်) ၊ နိုင်လွန်ကြိုးတွေ ချထားတာကို တန်းတွေ့လိုက်ရတယ်။ ပြီးတာနဲ့ခေါင်းကို လာထုကြတယ် ပြီးတော့ ဆန္ဒပြပွဲတွေမှာ အော်သလိုအော်ခိုင်းပြီး၊ တယောက်တည်း ဆန္ဒ ပြခိုင်းပြီး ဝိုင်းရယ်ကြတယ်။” လို့ မေကြည်က သူမ ဘဝမှာ ထင်မှတ်မထားတဲ့ ဖြစ်ရပ်မှန်တွေထဲက ပထမဦးဆုံး ကြုံရတဲ့ ထိတ်လန့်စရာတွေထဲက တခုကို ပြောပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ပြောဆိုမှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူအများစုဟာ အကျဉ်းသားတဦး ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ရဖို့မဆိုထားနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရဲ့ ဆက်ဆံပြောဆိုမှု၊ ဖိနှိပ်မှုတွေကနေ စိတ်ဖိစီးမှုတွေရရှိပြီး ကျန်းမာရေးထိခိုက်မှုတွေပါ ရှိလာကြတယ်လို့ ဆိုပါတယ်။

“အာဟာရချို့တဲ့မှုတွေကြောင့် သွေးအားတွေနည်းပြီး ပုံမှန်လာနေကျ ရာသီသွေးတွေတောင် မဆင်းတော့ပါဘူး။ ကျမဆို ၃ လလောက် ရာသီပျောက်ခဲ့ပါတယ်။ … တချို့ ရာသီလာတဲ့ သူတွေ အမျိုးသမီး လစဥ်သုံးတွေ မရှိတော့ ဒုက္ခတွေ ရောက်ခဲ့ကြပါတယ်။ လစဥ်သုံး ထုတ်ပေးပါဆိုပြီးတောင်းတော့ ထမိန်ခါးတောင်းကျိုက်နေလို့ ပြောခံရပါတယ်။” လို့ စံပါယ်က သူမ အကျဉ်းထောင်ထဲ နေခဲ့ရစဉ်အချိန်အတွင်း ရင်ဆိုင်ခဲ့ရပုံတွေကို ပြန်ပြောင်းပြောပြလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ထဲမှာနေတုန်းကလည်း ရေကို လိုသလောက် သုံးလို့မရသလို၊ သောက်ရေ အတွက် သောက်သုံးရတဲ့ ရေဟာလည်း ဓါတ်ဆီအနံ့အသက်တွေပါဝင်ပြီး ရွေးချယ်စရာ မရှိခဲ့ဘူးလို့ မစံပါယ်က ထပ်လောင်းပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေမို့ တမင်တကာ ပိုမိုဖိနှိပ်ပြီး တခြားသော အမှုတွေနဲ့ ထောင်ဒဏ်ကျခံရသူတွေရှေ့မှာ ပုတ်ခတ်ပြောဆိုတာတွေ၊ ခွဲခြားဆက်ဆံတာတွေကိုလည်း မကြာခဏ လုပ်လေ့ရှိတယ်လို့ အထက်ပါ အမျိုးသမီးလေးတွေက ပြောပြပါတယ်။ အမျိုးသမီးအချင်းချင်းဖြစ်ပေမဲ့ တာဝန်ကျတဲ့ စစ်မေ(ရဲမေ)တွေဟာလည်း ကိုယ်နဲ့မတူရန်သူလိုတွေးပြီး နားနဲ့မကြားဝံ့အောင် ပုတ်ခတ်ပြောဆိုတာတွေကိုလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အထူးသဖြင့် စစ်ကြောရေးကာလမှာ ပိုမိုနှိပ်စက်တာတွေ လုပ်ဆောင်ပြီး အမိန့်ချပြီးလို့ ထောင်တွင်းကျခံရစဉ်မှာတော့ ထောင်တွင်းစည်းကမ်းအတိုင်း လိုက်နာနေထိုင်ရမယ်လို့ဆိုပေမဲ့၊ နိုင်ငံရေးအကျဉ်းသားဆိုရင်ဖြင့် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ တမင်ဖိနှိပ်ပြီး လှောင်ပြောင် ပြောဆိုတာတွေ ရင်ဆိုင်ရတယ်လို့ အကျဉ်းကျခဲ့တဲ့ အမျိုးသမီးတွေက ပြန်ပြောင်းပြောပြပါတယ်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲလို့ဆိုကာ ၁ လေးလုံးလို့ အမည်တွင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ ထောင်တွင်းက အစားအသောက်ခက်ခဲမှုတွေနဲ့ ရင်ဆိုင်လာရပြီး နိုင်ငံရေးအကျဉ်းသားတွေဆိုရင် သူတို့ကြောင့် ဖြစ်လာတာဆိုပြီး စွတ်စွဲပြောဆိုကာ မြက်ပင်တွေပါဝင်တဲ့ ပေါက်ပန်းဖြူဟင်းချိုကို ဆားမထည့်ဘဲ ထမင်းစားခဲ့ရတယ်လို့လည်း သိရပါတယ်။

“စစ် စဖြစ်တဲ့ အချိန်မှာ ကျမ နေမကောင်း ဖြစ်ပါတယ်။ ကိုယ်တွေ ကျစ်ကျစ်တောက် ပူပြီး ခေါင်းတွေ တအားထိုးကိုက်တာ၊ ဆေး သောက်ချင်လို့ ဆေးသွားတောင်းသောက်တာ ဆေး မရပါဘူး။ ဒီကြားထဲ အာဟာရကလည်း မရှိတော့ ဖျားနေတဲ့ တပတ်အတွင်းမှာ ပေါင် ၄၀ လောက်ထိ ကျသွားပါတယ်။ လူက ပိန်ချုံးပြီး ကတုန်ကယင်တွေပါ ဖြစ်ခဲ့ပါတယ်။” လို့ စံပါယ်က ၁ လေးလုံးစစ်ဆင်ရေးစတင်ချိန်မှာ သူမ ရင်ဆိုင်ခဲ့ရပုံကို ပြောပြနေတာ ဖြစ်ပါတယ်။

ထောင်အနီး တိုက်ပွဲမဖြစ်ပွားခင်မှာ တပတ်ကို သုံးရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့နေ့တွေမှာ ထောင်ဝင်စာတွေ့ခွင့်ရခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထောင်ဝင်ပါဆယ်ပို့ခွင့် လုံးဝပိတ်ပင်သွားတယ်လို့ သိရပါတယ်။

စံပါယ်ဟာ သူမ ပြန်လည်မလွတ်မြောက်လာခင်အထိ ထောင်အတွင်းမှာ နို့တိုက်မိခင် ၄ ဦးရှိပြီး နို့စို့အရွယ်ကလေးငယ် ၆ ဦးရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီမိခင်တွေဟာ လိုအပ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မရရှိတာကြောင့် ကလေးငယ်တွေဟာ မိခင်နို့ကို ပြည့်ဝစွာ မရဘဲ ငိုယိုတာ၊ ဖျားနာတာ ဖြစ်လာတယ်လို့ ပြောပြပါတယ်။

“သတင်းစာဖတ်ချင်တယ်လို့ ပြောရင် နှစ်ပတ်လောက်နောက်ကျနေတဲ့ သတင်းစာအဟောင်းကို ပေးဖတ်တယ်။ ရုပ်မြင်သံကြားဆိုလည်း မြဝတီ သတင်းပဲ ပေးကြည့်တယ်။ မျက်စိပိတ်၊ နားပိတ်နဲ့ သတင်း အမှောင် ချထားခြင်းတွေပါ ခံခဲ့ရပါတယ်။” လို့ စံပါယ်က ထောင်တွင်းက သတင်းအချက်အလက်တွေ ရရှိမှု အခြေအနေကို ပြောပြနေတာ ဖြစ်ပါတယ်။

သားဖြစ်သူ ခရီးသွားရင်း ပျောက်ဆုံးနေတာ သုံးနှစ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ၂ နှစ်အကြာမှာ သားဖြစ်သူဟာ ဖမ်းဆီးခံရပြီး ထောင်ကျနေကြောင်း သတင်းသာသိရှိရပေမဲ့ ထောင်ဝင်စာမတွေ့နိုင်ဘဲ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို မသိရှိရဘူးလို့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဖခင်တဦးက ပြောပါတယ်။ ဒါဟာ စာရေးသူ လက်လှမ်းမီတဲ့အချက်အလက်နဲ့ ရေးသားခွင့်ရရှိတဲ့ အချက်အလက်သာဖြစ်ပြီး အခုလို ဖြစ်စဉ်တွေဟာလည်း လက်တွေ့ မရေမတွက်နိုင်အောင် ရှိနေနိုင်ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလှိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားချက် အရ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၂၁) ဦးရှိပြီး၊ (၂၀၇၁၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၂၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ စစ်အာဏာရှင်ကို မလိုလားတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ထောင်တွင်းမှာ မြောက်များစွာ ရှိနေဆဲဖြစ်ပြီး သူတို့တတွေ ဘေးကင်းစွာနဲ့ ပြန်လည်လွတ်မြောက်မယ့်နေ့ကိုတော့ မိသားစုဝင်တွေဟာ ဘုရားတရင်း စောင့်မျှော်နေကြရဆဲပါ။

spot_img
spot_img

Recent posts