ကန္တာရဝတီတိုင်း(မ်)
ဩဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကိုဗစ် – ၁၉ ရောဂါကြောင့် လူစုလူဝေး ပြုလုပ်ဖို့ အခက်အခဲဖြစ်နေတာကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် က ပြောပါတယ်။
“အစဉ်အလာ စတင်တာနဲ့ ကျင်းပပါတယ်။ ဒီနှစ်ကတော့ ရောဂါကြောင့် ပဲ တခြားဘာကြောင့်မှ မဟုတ်ဘူး။ ဥပမာ ကျနောတို့ ကရင်နီပြည်တွင်းက ဘယ်နေရာမှာမှ ဒီကပ်ရောဂါ အခြေအနေကို ကြည့်ရင် လုံခြုံတယ်လို့ မယူဆနိုင်ဘူး။ နယ်စပ်တပ်စခန်းတွေမှာလည်း ပုံမှန် နှစ်စဉ်နှစ်တိုင်း ကျင်းပတယ်။ ဒီနှစ်ပဲ ကျနောတို့ မကျင်းပဘူး။ ကျင်းပဖို့စီစဉ်သေးတယ်။ ဒါပေမယ့် အခြေအနေက တစ်ဖက်နိုင်ငံ ထိုင်းဖက်ကလည်း နယ်စပ်ဖက်ကို ကပ်ပြီးတော့မှ ကပ်ရောဂါတွေ ပေါ်လာတယ်။ ကျနောတို့ပြည်တွင်းဖက်ကလည်း ရှိတာတွေရှိလာတယ်။ အဲ့ဒီကြောင့် လူစုလူဝေးဖြစ်မယ့် အစီအစဉ်မျိုးကို ကျနောတို့ရှောင်ရှားတာပဲဖြစ်ပါတယ်။”လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် က ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားကို လူစုလူဝေးဖြစ်စေမယ့် အခမ်းအနားမျိုး မပြုလုပ်ဘူးလို့ ဆိုပါတယ်။
သီးခြားလွတ်လပ်တဲ့ကရင်နီပြည်နယ်ကို ကျူးကျော်လာတဲ့ စစ်အာဏာရှင်တွေကို ကရင်နီအမျိုးသားများက ရရာလက်နက်စွဲကိုင်ပြီး ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြန်လည်ရရှိဖို့အတွက် တိုက်ပွဲဆင်နွဲခုခံတော်လှန်ခဲ့တဲ့ (၇၃) နှစ်မြောက်နေ့ပဲ ဖြစ်ပါတယ်။
၁၉၄၈ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ ဖဆပလ စစ်အစိုးရက ကရင်နီပြည်ကောင်စီ ဥက္ကဌ ခွန်းဘီတူရီ တည်ရှိရာ မြလဲ(မန်းလား) ရွာကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကလည်း ရရာလက်နက်စွဲကိုင်ပြီး ပြန်လည်တွန်းလှန် တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
“ခုခံတော်လှန်ရေးနေ့ကတော့ နဂိုက ကရင်နီက တသီးတခြားရှိတယ်။ မြန်မာပြည်လွတ်လပ်ရေးရတော့ အကြောင်းအမျိုးမျိုးကြောင့် ပါသွားတယ်။ အဲ့တုန်းက ကရင်နီခေါင်းဆောင် တချို့ အနည်းငယ် သုံးယောက်ပေါ့။ ဗမာပြည်နဲ့ ပူးပေါင်းရင် ပိုကောင်းမလားဆိုတဲ့ အယူအဆနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို သွားလိုက်တက်တယ်။ အဲ့ဒီနောက် လွတ်လပ်ရေးပေးတဲ့ အင်္ဂလိပ်အစိုးရကလည်း ဒါ ကရင်နီကလည်းပါတယ်။ သူဆန္ဒအလျောက်ပါတယ် ဆိုတဲ့ သဘောမျိုးနဲ့ ထည့်လိုက်တာပေါ့။ ဒါပေမယ့် ကျန်တဲ့ အဲ့ဒီတုန်းက ကရင်နီခေါင်းဆောင်က မဟုတ်ဘူး ကရင်နီပြည်က တသီးတခြား တောင်တန်းဒေသနဲ့ ပေါင်းမလား ပြည်မ ဗမာပြည်နဲ့ပေါင်းမလား ဒါနောက်မှရှင်းရမယ့်ကိစ္စ ပုံစံမျိုးနဲ့ တသီးတခြားပဲနေမယ်ဆိုတဲ့ သဘောထားနဲ့နေတယ်။ ဒါပေမယ့် ပါသွားတဲ့ဖက်ကနေပြီးတော့မှ ပါသွားတဲ့လူ တချို့ကြောင့် တော်လှန်ရေးက စတာပေါ့။ လာပြီးတော့မှ ဌာနချုပ်ကို တိုက်တယ် ဌာနချုပ်ကို လာပြီးတော့ ပစ်ခတ်မှုတွေ စဖြစ်တယ်။ အဲ့ဒီနေ့ကိုအစွဲ ပြုပြီးတော့မှ တော်လှန်ရေးနေ့ လို့ သတ်မှတ်ပြီးတော့မှ ကျင်းပလာတာပေါ့။” လို့ ခူးတော်ရယ်က ကရင်နီခုခံတော်လှန်ရေး သမိုင်းကြောင်း ဖြစ်တည်လာပုံကို ရှင်းပြပါတယ်။
ကိုယ်ကျိုးစွန့် အမျိုးသားရေးအတွက် အသက်ပေးဆပ်သွားကြရတဲ့ ခုခံတော်လှန်ရေးအဖွဲ့ဝင်တွေ၊ မိဘပြည်သူတွေကို အမြဲတမ်းအသိအမှတ်ပြု သတိရနေဖို့လိုအပ်ပြီး အမျိုးသားရေးဆိုတာ အမျိုးသားလို့ ခံယူထားတဲ့ လူတိုင်းနဲ့သက်ဆိုင်ကြောင်း (၇၃)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဗဟိုဌာနချုပ်ရဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကရင်နီအမျိုးသားတွေရဲ့ ဘဝကံကြမ္မာဟာ တစ်မျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုတာ လေးလေးနက်နက်ခံယူထားဖို့ လိုအပ်သလို အမျိုးသားခေါင်းဆောင်ကြီးတွေ ပေးအပ်ခဲ့တဲ့ ပုခုံးပြောင်းတာဝန်တွေကို ကိုယ်စီ ဆက်လက်ထမ်းဆောင်ရင်း တရားသောစစ်ကို အောင်မြင်စွာ ဆင်နွဲနိုင်ကြစေကြောင်းလည်း ပါရှိပါတယ်။