ကန္တာရဝတီတိုင်း (မ်)
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီက ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်လူထုနေထိုင်ရာအရပ်ကို အသေခံဒရုန်းလို့ခေါ်တဲ့ ကာမီကာဇေးဒရုန်း ၂ စင်း အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဒရုန်းကျရောက်ခဲ့တဲ့ တောင်ကုန်းက မီးစွဲလောင်သွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာရှိတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
“တစ်စီးက အသံမကြားဘဲနဲ့ကွဲသွားတယ်။ ကွဲတဲ့အချိန်မှာ အိမ်ပတ်လည်ကြည့်လိုက်တော့ ဓာတ်တိုင်က မီးကြိုးပြတ်သွားတယ်။ ၁၂၀ မမ ပဲထင်နေတာ။ နောက်တစ်စီးအသံကြားတာနဲ့ ကြည့်လိုက်တော့ တြိဂံပုံစံနဲ့ ပျံလာတော့ အို့ ဒရုန်းက ဘာအသီးမှလည်း မချိတ်ထားဘူး ဘာလဲပေါ့နော်။ ၁၂၀ မမ လိုပဲ အသံကတော့ အကျယ်ကြီးပဲ မီးကလည်း တစ်ခါထဲပွင့် အစတွေလည်းပွင့်ထွက်ကုန်တယ်။ အခုအဲတောင်ကုန်းတစ်ခုလုံး မီးလောင်ကျန်ခဲ့တယ်” လို့ ကာမီကာဇေ ခေါ် အသေခံဒရုန်း ကို မျက်မြင်တွေ့ခဲ့တဲ့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ ကာမီကာဇေး ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်တာရှိပေမဲ့ အခုလို အရပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ကာမီကာဇေဒရုန်းဆိုတာဘာလဲ
ကရင်နီပြည်မှာ တွေ့ရတဲ့ စစ်ကောင်စီရဲ့ ကာမီကာဇေ ဒရုန်းတွေဟာ အသေးစားဒရုန်းလေယာဉ် အရွယ်အစားလောက်ရှိပြီး ကိုယ်ထည်ကို ဖော့ဖြူနဲ့ပြုလုပ်ထားပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေတပ်ဆင်ထားကာ ပစ်မှတ်ကိုတိုက်မိတဲ့အခါ ပေါက်ကွဲစေတဲ့ အသေခံဒရုန်း တစ်မျိုးဖြစ်ပါတယ်။
”သူကလေယာဥ်ပျံအသေးစားလိုမျိုးပဲ။ သေးသေးလေးပေါ့။ မြန်တယ် ပြီးတော့ သူဝင်တိုက်ချင်တဲ့ပစ်မှတ်ကို ဝင်တိုက်တာကို တွေ့ရတယ်။ ပေါက်ကွဲတဲ့ပုံစံကတော့ လက်နက်ကြီးကျသလိုပါပဲ” လို့ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ ၉ ရက်နေ့မှာလည်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ စတင်အသုံးပြုလာတာကို တွေ့ရတယ်လို့ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကာမီကာဇေ နည်းဗျူဟာကို ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်နောက်ဆုံးအချိန်တွေမှာ အမေရိကန်ရဲ့ ကြီးမားတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ကြိုးပမ်းချက်အနေနဲ့ ဂျပန်ရေတပ်ရဲ့ လေယာဥ်တွေမှာ စတင်ကျင့်သုံးခဲ့တာပါ။
တိုင်းပြည်အတွက် အသက်စွန့်ပြီးတိုက်ခိုက်တာက မြင့်မြတ်တဲ့လုပ်ရပ်တစ်ခုလို့ ခံယူထားတဲ့ ကာမီကာဇေ လေယာဥ်မှူးတွေက သူတို့ရဲ့လေယာဥ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ လောင်စာဆီတွေ တင်ဆောင်ပြီး အပျက်အစီးအများဆုံးဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်သူသင်္ဘောတွေထဲကို ရည်ရွယ်ချက်ရှိရှိထိုးဆင်းပြီး အသေခံတိုက်ခိုက်ကြတာပါ။
ဂျပန်အသက်စွန့် ကာမီကာဇေ လေယာဥ်မှူးတို့ကို အစွဲပြုပြီး ကာမီကာဇေ နည်းပရိယာယ်လို့ စစ်ပွဲတွေမှာ ခေါ်တွင်ခဲ့တာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းရန်ကို ကာကွယ်နိုင်တဲ့ Jummer စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးဘူးလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် ကာမီကာဇေဒရုန်းကိုပါ စစ်တပ်က အသုံးပြုလာတိုက်ခိုက်တာတဲ့အခါ စစ်ဆင်ရေးမှာ စိန်ခေါ်မှုပိုရှိလာစေတယ် လို့လည်း ပြောပါတယ်။
ကြိုတင်အသိပေးစနစ် (Early Warning system) ကို အဓိကလုပ်ဆောင်နေတဲ့ Enemy Air Route (EAR) နဲ့ Nationwide Air Scout (NAS) တို့ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို လေ့လာဆန်းစစ်ချက်မှာ စစ်ကောင်စီက FPV ၊DJI ၊ CH3A၊ Orlan 10 UAV၊ Ardupilot သုံး Fixed-wing drone အမျိုးမျိုး၊ Ardupilot သုံး Multirotor drone အမျိုးမျိုး စတဲ့ ဒရုန်းအမျိုးအစားတွေကို အသုံးပြုတိုက်ခိုက်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်။
အဲဒီထဲမှ fixed-wing drone တွေကို သုံးပြီး ကာမီကာဇေ နည်းဗျူဟာကို သုံးတာကို တွေ့ရတယ် လို့လည်း ဆိုပါတယ်။
ကာမီကာဇေ ဒရုန်းတစ်စီးကိုဖန်တီးဖို့ ကုန်ကျစရိတ် ပိုသက်သာပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေထက် ပိုအသုံးပြုနိုင်တယ်လို့ လေတပ် CDM တပ်ကြပ် ဇေယျ က ပြောပါတယ်။
ကာမီကာဇေဒရုန်းတစ်စီးရဲ့ တန်ဖိုးက ခန့်မှန်းအားဖြင့် ဒေါ်လာ ၅၀၀ ကုန်ကျပြီး နိုင်ငံတော် ဘဏ္ဌာကိုလိုအပ်သလို ခြယ်လှယ်နေတဲ့ စစ်ကောင်စီတပ်က ပြည်ပနိုင်ငံတွေရဲ့ အကူအညီကိုလည်း လွယ်ကူစွာရရှိနေတာပါ။ တော်လှန်ရေးတပ်ဖွဲ့ကတော့ ဘဏ္ဌာရေးအခက်အခဲ၊ သယ်ယူရေး လမ်းကြောင်း ခက်ခဲတာကြောင့် ကာမီကာဇေ ဒရုန်းအသုံးပြုနိုင်ဖို့ မလွယ်ကူဘူးလို့ တပ်ကြပ် ဇေယျ က ပြောပါတယ်။
“ဖောက်ခွဲနိုင်တဲ့ ပစ္စည်းကို ရနိုင်သမျှထည့်ပြီးတော့ ရဟတ်ယာဥ်ဆိုလည်း ရဟတ်ယာဥ် ၊ တင့်ကားဆိုလည်း တင့်ကားတွေကို အသေခံဝင်တိုက်ပစ်တာပေါ့နော။ ဒီကောင်တွေကတော့ တန်ဖိုးနည်းတာကို လုပ်ရတာပေါ့နော။ အားသာချက်ကတော့ ကာမီကာဇေဒရုန်းနဲ့ ဝင်တိုက်လို့ရှိရင် ရန်သူဖက်ကနေ counter ပြန်လုပ်ရခက်တယ်ပေါ့နော။ ရိုးရိုးဗုံးသွားချတဲ့ ဒရုန်းတွေကကျတော့ ရန်သူတွေချက်ချင်းပြန်ပြီး counter ပြန်လုပ်ပြီး attack ပြန်လုပ်လို့ရတယ်ပေါ့နော” လို့ တပ်ကြပ်ဇေယျက ပြောပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တချို့က ကာမီကာဇေဒရုန်း အသုံးပြုတိုက်ခိုက်တာရှိပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မိုးဗြဲကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာမရှိတဲ့ လူထုတွေနေထိုင်ရာအရပ်ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးနဲ့ တိုက်ခိုက်တာအပြင် ကာမီကာဇေ အသေခံဒရုန်းနဲ့ပါ တိုက်ခိုက်လာတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကာမီကာဇေဒရုန်းရဲ့ ခြိမ်းခြောက်မှုက ဒေသခံလူထုတွေအတွက် စိုးရိမ်မှုတစ်ခု ထပ်တိုးစေတယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒေသခံလူထုတွေအနေနဲ့ ဘေးအန္တရာယ်လုံခြုံရေးအတွက် နိုးနိုးကြားကြားရှိဖို့နဲ့ ဗုံးခိုကျင်းခိုင်ခိုင်မာမာ ဆောက်လုပ်ထားဖို့ကိုလည်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့က သတိပေးနိုးဆော်လျက်ရှိနေပါတယ်။
