ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ကားဝပ်ရှော့ (ကားပြုပြင်ရေး) ဆိုင်တချို့တွေဟာ လာရောက်ပြုပြင်တဲ့ ကားတွေကနေ ဆီခိုးဖောက်ချတာတွေ၊ ကားပစ္စည်းလဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကားပြုပြင်ပေးနေစဥ်မှာ လိုအပ်တဲ့ ကားပစ္စည်းတွေကို သွားဝယ်ယူခိုင်းသလို ကားပစ္စည်းတွေကို ခိုးယူလှဲလှယ်တာတွေ ကြုံခဲ့တယ်လို့ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောလာပါတယ်။
“အခုက ကျမကိုယ်တိုင်ကြုံနေတဲ့ဟာပေါ့နော်။ ကားဆီခိုးဖောက်ခံရတာက ။ ကားဆီအပြည့်ဖြည့်ထားတာ။ ကားပြင်တာလည်းပြီးရော ကားဆီက မကျန်တော့ဘူး။ ကိုယ်တိုင်မကြုံခင်က အခြားသူတွေနားလည်း ခနခဏ ကြားတယ် အဲ့ဖြစ်စဥ်က။ တချို့က ကားပစ္စည်း အသစ်ကို အဟောင်းနဲ့ လဲယူတာတွေလုပ်တာတဲ့။ လုပ်နေကြတာက ဆိုင်က အလုပ်သမားတွေပေါ့။ ဆိုင်ရှင်တွေတော့မသိကြလောက်ဘူး။”လို့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ အရေးယူဆောင်ရွက်ပေးနိုင်ဖို့ အခြားသူတွေအနေနဲ့ မှတ်တမ်းပုံတွေ ယူထားသင့်ကြောင်း အဆိုပါ ကိုယ်တိုင်ကြုံတွေ့ရတဲ့အမျိုးသမီးက အခုလိုဆက်ပြောပါတယ်။
“ အခြားမိတ်ဆွေတွေ အနေနဲ့ပေါ့နော် ကားပျက်တစ်စီးပြင်တဲ့ချိန် ကားကိုထားခဲ့ပြီး တခြားကားပေါ်ကနေ စောင့်ကြည့်ပြီး မှတ်တမ်းပုံရိုက် ယူထားဖို့လိုပါမယ်။ ပြီးရင် သက်ဆိုင်ရာ ကရင်နီရဲတွေက စုံစမ်းဖော်ထုတ်အရေးယူသင့်ပါတယ်။”လို့ သူက ဆိုပါတယ်။
ကားပစ္စည်းတွေ ခိုးယူခံရတာတွေနဲ့ ပါတ်သက်ပြီး Karenni People’s Voice သတင်းဌာနကလည်း ခိုးယူခံရသူတွေရဲ့ အသံတွေကို မေးမြန်းပြီး သတင်းရေးသား ဖော်ပြထားတာရှိပါတယ်။
ကားပြုပြင်ရေးဆိုင်တွေကနေ ခိုးယူလဲလှယ်တာနဲ့ ပတ်သက်ပြီး KSP ထံ လာရောက်တိုင်ကြားနိုင်တယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“မြေပြင်မှာတော့ လာရောက်တိုင်ကြားတာမျိုးတွေတော့ မရှိသေးဘူး။ ဒါပေမဲ့ နီးစပ်ရာ KSP ဆီကို လာရောက်တိုင်ကြားနိုင်ပါတယ်။ လာတိုင်ကြားနိုင်ကြောင်းကိုတော့ ပြောချင်တယ်။”လို့ ကိုဘိုဘိုက ဆိုပါတယ်။
ထိရောက်တဲ့ အရေးယူမှုတွေဆောင်ရွက်နိုင်ဖို့ သက်သေတွေ လိုအပ်သလို ကိုယ်ယုံကြည်စိတ်ချရတဲ့ ဆိုင်တွေမှာပဲ သွားရောက်ပြုပြင်တာတွေ လုပ်ဆောင်သင့်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ဆိုင်ကလည်း တစ်ဆိုင်တည်းရှိတာမဟုတ်ဘူးဆိုတော့ အဲ့လိုထပ်မဖြစ်အောင်လည်း ကိုယ့်ဖက်က ကိုယ်ယုံကြည်ရတဲ့ သူဆီကိုပဲ သွားပြင်တာမျိုးတွေလည်း လုပ်ဖို့လိုမယ်ထင်တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
လက်ရှိ ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ ကားဝပ်ရှော့ (ကားပြုပြင်ရေးဆိုင်) ဆိုင်ပေါင်း ၂၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။