spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးကို ပြစ်ဒဏ်စီရင်လိုက်တာဟာ လူထုတွေကို ခြိမ်းခြောက်တာဖြစ်ကြောင်း KSCC ပြော

ကန္တာရဝတီတိုင်း( မ် )

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ဦးလှမျိုးမြင့်၊ ဦးအောင်သူရဇော်တို့ ၄ဦးကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်လိုက်တာဟာ လူထုတွေကို ခြိမ်းခြောက် တာဖြစ်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူထဲဘူးက ပြောပါတယ်။

“လူထုကိုလည်း သူတို့ ခြိမ်းခြောက်လိုက်တာပဲ။ စိန်ခေါ်လိုက်တာပဲ။ လူထုတွေကို နဂိုကတည်းက သူတို့ နှစ်ပေါင်းများစွာ လူထုတွေကို စစ်လက်နက်တွေနဲ့ လူထုတွေကို ခြိမ်းခြောက်နေတာကြာပြီ။ သူတို့ အကြောက်တရားနဲ့ အသက်ရှင်နေတာကြာပြီ။ အခုက ထပ်ပြီးတော့ မလှုပ်ရှားနိုင်အောင် ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က လူထုကို ရိုက်ချိုးလိုက်တာပဲ။အဲ့လိုမျိုး မှတ်ယူတယ်လေနော။ ဒါပေမယ့် သူတို့ မှားသွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဲ့ဒီလိုမျိုး လုပ်တယ်လေ။ သူတို့ ပိုပြီးတော့ စိန်ခေါ်မှုနဲ့ အတင်းအကြပ်နဲ့ တွေ့ဆုံရလေလေပဲ အဲ့လိုမျိုးလည်း ပါတယ်ပေါ့နော။” လို့ ခူထဲဘူးက ပြောပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ဦးလှမျိုးမြင့်၊ ဦးအောင်သူရဇော်တို့ ၄ဦးအပေါ် စစ်ကောင်စီက သေဒဏ်စီရင်ခြင်းနဲ့ပတ်သက်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) က ဇူလိုင်လ (၂၅)ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက သူတို့နဲ့ အယူအဆမတူတဲ့ သူတွေကို အခုလို လုပ်လိုက်တာဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကြီး တစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်တယ်လို့ လည်းဆိုပါတယ်။

စစ်ကောင်စီက အခုလို ဆောင်ရွက်လိုက်တာဟာလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီဘက်တော်သားတွေ ပိုမိုစည်းလုံးပြီး စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းဖို့လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါဟာ စစ်ကောင်စီက မြန်မာပြည်သူပြည်သားတွေရဲ့ အသက်ကို တန်ဖိုးမထားကြောင်းနဲ့ ရက်စက်ယုတ်မာမှုတွေကို ပေါ်ပေါ်ထင်ထင် ဖော်ပြလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းနဲ့ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို တုန်လှုပ်မိတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို သေဒဏ်စီရင်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချထားပြီး ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်သွားမယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF )က ဇူလိုင်လ ၂၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၅ရက်နေ့ မနက်အစောပိုင်းမှာ သတင်းစာထဲကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံရသူ ၇၆ဦး ရှိပြီး သေဒဏ်စီရင်ခံရသူ ၄၁ဦးရှိသွားပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ ( AAPP ) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- Khit Thit Media
ဓာတ်ပုံ- Khit Thit Media
spot_img
spot_img