ခွန်းကလိုင်းဖရီး
ရှမ်း/ကယားနယ်စပ် ဆီးဘူးဒေသကထွက်တဲ့ ခေါင်ကျရည်ဆိုပြီး လူသိများတဲ့ ခေါင်ရည်ဟာ တစ်လီတာဗူး တစ်ဗူးကို ဒေသပေါက်ဈေး ၃၅၀၀ ကျပ်ရှိပါတယ်။
ဒီခေါင်ကျရည်တွေကို ပြည်တွင်းခရီးသွားတွေဆီ ရောင်းချရပြီး တောင်ကြီးနဲ့ ရန်ကုန်အထိ ဖောက်သည်သွင်းကြတာတွေလည်း ရှိပါတယ်။
လွိုင်ကော်-ယာဒို-လိပ်သို-တောင်ငူ ကားလမ်းမပေါ်မှာရှိတဲ့ ဆီးဘူးဒေသက ခေါင်ကျရည်လုပ်ငန်းဟာ ပြည်တွင်း ခရီးသွားတွေကို အဓိကမှီခိုနေရတဲ့အတွက် ခုလို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အသွားအလာကန့် သတ်ထားတဲ့ကာလမှာ အရင်လိုရောင်းအားမကောင်တော့ပဲ အရောင်းအဝယ်ပါးလာပါတယ်။
ခေါင်ကျရေလုပ်ငန်းနဲ့ မိသားစုဝင်ငွေရှာဖွေနေတဲ့ ဆီးဘူးကျေးရွာက စမူစံရှားက “ဒီကိုဗစ်ကာလကျတော့ လမ်းတွေ နည်းနည်းပါးပါးပိတ်ဆို့ ထားကြတော့လေ။ အဝင်အထွက်လည်းမရှိ၊ ခရီးသည်ကလည်း မရှိကျတော့ အခုဆိုလို့ရှိရင် တစ်လီတာဗူး၊ တစ်ရက်ကို ၃၅၀၀ ရဖို့မှ ဝယ်တဲ့လူမရှိဘူးဖြစ်သွားတယ်။ ဘာဖြစ်လဲဆို ဒီခေါင်ကျရည်ဝယ်တဲ့လူတွေက ခရီးသည်တွေပဲများတယ်။ ရွာခံတွေက သိပ်ပြီးတော့ မဝယ်သောက်ဘူး ပေါ့နော်။ အဲ့ဆိုကျတော့ ဒီနားသွားလာနေတဲ့ ခရီးသည်တွေပဲ အားကိုးပြီးတော့ ကိုယ်ကစီးပွားရေးလုပ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။” လို့ ပြောပါတယ်။
တစ်နေ့ကို အနည်းဆုံး ခေါင်ကျရည် တစ်လီတာဗူး ၅ ဗူးလောက်ရောင်းခဲ့ရပေမယ့် ဒီကာလမှာတော့ ခေါင်ကျရည် ဝယ်ယူသောက်သုံးသူတွေ ရှားပါးလာတယ်လို့ ဆိုပါတယ်။
ယခင် ကိုဗစ်ကာလမတိုင်ခင်က ခရီးသွားတွေများတဲ့အတွက်ကြောင့် တစ်နေ့ကို ခေါင်ကျရည်ရောင်းရငွေ ပျှမ်းမျှ ၂၀၀၀၀ ကျပ်လောက်ရတာကြောင့် မိသားစုစားဝတ်နေရေးနဲ့ အသုံးစားရိတ်အတွက် သိပ်မပူပန်ရဘူးလို့ ၎င်းက ဆိုပါတယ်။
လက်ရှိကိုဗစ်ကြောင့် ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသ၊ ဆီးဘူးကျေးရွာမှာ ဖွင့်ထားတဲ့ ကယန်းဒေသဖွံ့ဖြိုးဈေးကို ပိတ်ထားတာ နှစ်လကျော်ရှိပြီလို့ ဆိုပါတယ်။ ခုလို ဈေးပိတ်ထားတာကြောင့် ဆယ်ရက်တစ်ခါဖွင့်တဲ့ အဆိုပါဈေးမှာ ဒေသထွက် ခေါင်ကျရည်နဲ့ ခေါင်ပူကို ရောင်းချနေတဲ့ ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ ကြပါတယ်။
ခေါင်းရည်တစ်မျိုးထဲကိုပဲ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လုပ်ကိုင်နေတဲ့ ဆီးဘူးရွာက စအားမူဂျိုးစဖင်း ကလည်း သူ့ရဲ့ အခက်အခဲကို ခုလိုပြောပါတယ်။
“အရင်ကဆို ခေါင်ပူရောင်းတာပေါ့။ ဒီတိုင်းခေါင်ပူရောင်းတယ်၊ အခု ဈေးလည်း ပိတ်ထားခါကျတော့ ခေါင်တွေလည်း ရောင်းလို့မရဘူး။ ဈေးလည်း မထွက်ရခါကျတော့ ဒီစီးပွားရေးဘက်မှာ တော်တော်လေးတော့ အခက်တွေ့တာပေါ့နော်။ ဘာဖြစ်လည်းဆို မိသားစုမှာလည်း စားဝတ်နေရေး အဆင်မပြေဘူး။ အခက်အခဲ တွေဖြစ်လာတယ်။”
၎င်းအနေနဲ့ ခေါင်ကျရည်၊ ခေါင်ပူနဲ့ အမြည်းအကပ်လေးရောင်းချတာ တစ်ဈေးကို သုံးသောင်းနဲ့ လေးသောင်းကျပ် ဝန်းကျင်လောက် ဝင်ငွေရခဲ့ပေမယ့် ခုတော့ အိမ်ဆိုင်လေးမှာပဲ ရောင်းနေရလို့ အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ်။
တစ်လကို သုံးဈေးရှိတဲ့အတွက် မိသားစုဝင်ငွေ တစ်သိန်းကျော်လောက်ရှာဖွေနိုင်ခဲ့ပေမယ့် ခုဆိုရင် အိမ်က စပါးတွေကိုကြိတ်ပြီးရောင်းစားနေတဲ့ အခြေအနေရောက်နေပြီလို့ ဆိုပါတယ်။
ပြည်တွင်းခရီးသွားတွေများပြားတဲ့ကာလမှာဆိုရင် တစ်ပတ်ကို တစ်လီတာဗူး ၃၀ ဗူးလောက် ရောင်းရတယ်လို့ ခေါင်ကျရည်ကို တစ်ဆင့်ခံ ဆိုင်တင်ရောင်းတဲ့ စမူစီစီးလျာက ခုလို ဆိုပါတယ်။
“ဒေသကလူလည်း ဝယ်သောက်တယ်။ ပြီးတော့ ခရီးသွားတွေလည်း ဝယ်တာပေါ့။ ခရီးသွားတွေကလည်း သွားရင်းနဲ့ပဲ သူတို့ ဝယ်သွားတယ်။ သူတို့ သယ်သွားတယ်။ ခေါင်ကျရည်ခါကျတော့ အကြာကြီး ထားလို့ရတဲ့ ခါကျတော့ မပျက်မစီးဘူးပေါ့။ အဲ့ကြောင့်မို့လို့ တော်တော်ကြိုက်ကြပါတယ်။”
အဆိုပါ ခေါင်ကျရည်ကို ဒေသထွက် ကောက်ညှင်းဆန်ကို ဖွဲကြမ်းနဲ့ ရောနှယ်ပြီး ရေငွေ့အပူပေး ပေါင်းတဲ့စနစ်နဲ့ ပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။ ကုန်ကြမ်းအနေနဲ့ ကောက်ညှင်းစပါးတစ်အိတ်ကို ၁၅၀၀၀ ကျပ် ဈေးရှိပြီးတော့ ကုန်ချော ခေါင်းကျရည်ပြန်လည်ထုတ်လုပ်ချိန်မှာ ခေါင်ကျရည် တစ်လီတာဗူး ၁၀ ဗူးခန့်ပြန်ရတယ်လို့ ဆိုပါတယ်။
ခေါင်ကျရည် အပျက်အစီးမရှိရင် ကောက်ညှင်းစပါးတစ်အိတ်ရဲ့ ရင်းနှီးငွေက ၁၅၀၀၀ ကျပ်ဖြစ်ပေမယ့် ထင်းဖိုးနဲ့ လုပ်ငန်းခအပြီးစီး ပြန်ရငွေက ၃၅၀၀၀ ကျပ်လောက်ဖြစ်လို့ ခေါင်ရည်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် စီးပွားဖြစ်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
“ဒီကိုဗစ်ရောဂါက ဒီအတိုင်းပဲ ဆက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျမတို့ရဲ့ ဒီခေါင်ကျရည်က အဓိကတော့ မိသားစု စားဝတ်နေရေးအတွက် ဒီခေါင်ကျရည်ပဲ အားကိုးရခါကျတော့ ဒီရောဂါ မပျောက်မချင်းကတော့ တော်တော် တော့ ခက်ခဲမယ့်အနေအထားမှာ ရှိတာပေါ့နော်။ ဒါပေမယ့် ဒီရောဂါသာ ပျောက်သွားမယ်။ ဟိုးအရင်လိုမျိုး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းကောင်းပြန်ပွင့်သွားမယ်၊ ခရီးသည်တွေ ပုံမှန်အဝင်အထွက်တွေ ပြန်ရှိသွားမယ်ဆိုရင်တော့ အခြေအနေတော့ ပြန်ကောင်းလာမယ်လို့တော့ ထင်တာပဲ”
ခေါင်ကျရည်လုပ်ငန်းလုပ်ကိုင်သူ စမူစံရှားကတော့ မိသားစုစီးပွားရေးပြန်ပြီး တည့်မနိုင်ဖို့အတွက် အရင်လို အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ မျှော်လင့်ဆုတောင်းနေပါတယ်လို့လည်း ဆိုပါတယ်။
စအားမူဂျိုးစဖင်းက “သူများပြောအရဆိုရင် ဒီနှစ်ကုန်လောက်ပေါ့။ ဒီနှစ်ကုန်လောက်ဆိုရင် ဈေးတွေဘာတွေ ပြန်ဖွင့်မယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ကောင်းမယ်ဆိုရင်တော့ အဲ့ချိန်ကျရင် ပြန်အဆင်ပြေမယ်လို့ မျှော်တော့ မျှော်လင့်ခဲ့တာပေါ့။”လို့ ဆိုပါတယ်။
ဝယ်ယူအားပေးမှုတချို့ရှိနေသေးပေမယ့် ခေါင်ကျရည်ရောင်းဝယ်တဲ့လုပ်ငန်းကို ယခုအခြေအနေထက် အရောင်းမြှင့်တင်ချင်ပေမယ့် ကိုဗစ်ကာလမှာ အခက်အခဲရှိနေသေးတယ်လို့ စမူစီစီးလျာက ဆိုပါတယ်။
“လူတိုင်းသိတဲ့အခါကျတော့ ဒီခေါင်က တံဆိပ်တွေပါတွေ အမွှန်းတင်စရာလည်းမလိုဘူးပေါ့၊ အဲ့လိုမျိုးပေါ့။ ကောင်းတယ်ဆိုတာ သူတို့လည်း သိပါတယ်။ သိတဲ့အခါကျတော့ သူတို့ လာအားပေးကြပါတယ်။ ပြီးတော့ ကိုယ်ဒီထက်အရောင်းမြှင့်တင်ချင်သေးတာပေါ့။ ဒါပေမယ့် အတိုင်းအတာ ဒါလောက်ထိပဲ ရှိသေးတာပေါ့နော်။”
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ ဒေသတွင်း အဝင်အထွက်လမ်းတွေ ပိတ်ထားတာကြောင့် ခရီးသွားတွေ အသွားအလာနည်းသွားလို့ ဆီးဘူးဒေသက ခေါင်ရည်လုပ်ငန်းလုပ်ကိုင်နေသူတွေလည်း စီးပွားရေးထိခိုက်နှစ်နာ မှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရလို့ ဒီအခြေအနေဆိုးကို အမြန်ဆုံးကျော်ဖြတ်နိုင်ဖို့ မျှော်လင့်တောင့်တ နေကြပါတယ်။