spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ကိုယ်ထူကိုယ်ထ စာသင်ပေးတဲ့ ဆရာ/ဆရာမတွေတွက် လစာပေးရန် ရွာသားများအခက်တွေ့

Author

Date

Category

နော်ဒွေးအယ်ခူ

ဖရူဆိုမြို့နယ် လောပလျားလဲကျေးရွာမှာ အစိုးရအသိအမှတ်ပြုကျောင်း မရှိသေးတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာ/မတွေကို လစာပေးဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားဖြစ်တဲ့ ဦးမီရယ်က “ဆရာမလစာအတွက်ဆိုပြီး စုထားရတာပေါ့ တချို့မိသားစုတွေအတွက်ပေါ့လေ။ မရှိမဲ့ရှိမဲ့နဲ့ ကြိုးစားပြီး ပေးရှာကြပါတယ်။ တချို့မိသားစုတွေက အငှားလိုက်ပြီးတော့ပေးရတယ်။” လို့ပြောပါတယ်။

လောပျားလဲကျေးရွာမှ ပညာသင်ယူနေကြတဲ့ ကျောင်းသူ/သားများမြင်ကွင်းတခု (ဓါတ်ပုံ – နော်ဒွေးအယ်ခူ)

လက်ရှိကိုယ်ထူကိုယ်ထကျောင်းကို ပညာရေးမှူးရဲ့ခွင့်ပြုချက်နဲ့ ဒေသဖွံ့ဖြိုးရေးကွန်ရက် (LDN) ရဲ့ပူးပေါင်းကူညီမှုနဲ့ ရွာသူရွာသားတွေရဲ့ လုပ်အားပေးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကိုယ်ထူကိုယ်ထကျောင်းမှာ ကျောင်းသားတွေ ပညာသင်တာ နှစ်နှစ်ရှိပြီလို့ သိရပါတယ်။

အဲ့ဒီကျောင်းမှာ ပထမတန်းကျောင်းသားဦးရေ ၄ ဦး နဲ့ ဒုတိယတန်းကျောင်းသားဦးရေ ၃ ဦးရှိပြီး သင်ကြားပေးတဲ့ဆရာမ ၂ ဦး ရှိပါတယ်။ ဆရာမနှစ်ဦးကတော့ ကယန်းမျိုးဆက်သစ်လူငယ် (KNGY) က စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ကြပြီး မျိုးနွယ်စုမတူတဲ့အတွက် ဘာသာစကားတော့ အခက်အခဲအနည်းငယ်ကြုံတွေ့ရတယ်လို့တော့ပြောပါတယ်။

ကျောင်းဆရာမ အယ်ဒီဖောက “စစချင်းလာတဲ့အချိန်မှာတော့ ကျမက ကယန်းလူမျိုးကော ဒီးမော့ဆိုဖက်ကနေလာတယ်။ အဲဒါ သူတို့က ဗမာစကားလည်း အဲလောက်ထိ မတတ်သေးဘူး။ ကျမလည်း ကယားစကားမပြောတတ်ဘူး။ အဲဒါ နည်းနည်းခက်ခဲတာပေါ့။ ဒါပေမဲ့အခုတော့ သူတို့က ဗမာစကားနားလည်ပြီး ကျမလည်း ကယားစကားကို နည်းနည်းပါးပါးနားလည်လာလို့ အခက်အခဲမရှိတော့ပါဘူး”လို့ ပြောပါတယ်။

အနီးအနားက ရွာတွေမှာ အစိုးရအသိအမှတ်ပြုကျောင်းတွေရှိပေမယ့် ကျောင်းသားတွေကျောင်းသွားဖို့ အခက်အခဲရှိတာကြောင့် ကျောင်းသားမိဘတွေက ကိုယ့်ကျေးရွာမှာ စာသင်ကျောင်းရှိစေချင်တာဖြစ်ပါတယ်။

ပညာရေးပေါ်လစီအရ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ ပြည့်မီမှသာ အစိုးရကျောင်းဖွင့်ခွင့်ရမှာဖြစ်တာကြောင့် လက်ရှိ ကျောင်းသားဦးရေနဲ့ အဆင်မပြေသေးဘူးလို့ ၎င်းမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “ကျနော်တို့ အစိုးရကိုတင်ပြပြီးတော့မှ ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့ ကျေးရွာအတွက် အများကြီးအဆင်ပြေမှာပေါ့နော်။ ဒါပေမဲ့လောလောဆယ်မှာတော့ တင်ပြထားတာတော့ရှိတယ် မူဝါဒအရတော့ ပေးလို့မရသေးဘူးဆိုတဲ့ဟာမျိုးတော့ သိခဲ့ရတာပေါ့”လို့ ပြောပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျန်ရှိနေသေးတဲ့ကာလအတွင်း ကျောင်းဆရာမတွေရဲ့လစာကို လတ်တလောဖြေရှင်းနိုင်ဖို့အတွက် အလှူရှင်တွေကတဆင့် ထောက်ပံ့ပေးနေရတယ်လို့သိရပါတယ်။

spot_img
spot_img
spot_img

Recent posts