ကန္တာရဝတီတိုင်း(မ်)
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဒေါလာစောအုပ်စုအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို လက်ရှိမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေရေးကြေးရေးအဆင်မပြေတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အခက်တွေ့နေတယ်လို့ ပြောဆိုကြပါတယ်။
“လက်ရှိ ကုန်စျေးနှုန်းအနေနဲ့က အခြေခံလူတန်းစားတွေအတွက် ဘယ်လိုမှ မတတ်နိုင်တဲ့ စျေးနှုန်းတွေဖြစ်တယ်။ ဒါတော့ လက်ရှိ အနေအထားပေါ့ ဘာလို့လဲဆို ကြက်ဥတစ်လုံးကို ၂၅၀၊ ၃၀၀ ဝန်းကျင် ရှိတယ် ဆီ အသေးတစ်ဘူး ၃၀၀၀၊ ၄၀၀၀ ဆိုတော့ တစ်နပ်၊ နှစ်နပ်ပဲ စားလို့ရတယ်။ ပုံမှန် ဝင်ငွေမရှိတဲ့ မိသားစုအတွက်က ခက်ခဲတယ်၊ ဒီနေရာက အလှမ်းဝေးနေတော့ နှစ်ဆပိုပြီး ခက်ခဲတယ် ဒါတော့ အမှန်တရားပဲပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကုန်စျေးနှုန်းအနေနဲ့ ရောင်းဝယ်တဲ့သူအပေါ်မှာ မူတည်ပြီး ဒေါလာစောအုပ်စုဘက်မှာတော့ ဟိုယာဘက်နဲ့ နှိုင်းယှဉ်ရင် စျေးသက်သာတယ်လို့ ဆိုကြပါတယ်။ နေ့စားလိုက်လျှင် တစ်ရက်ကို ၅ထောင်ကျပ်သာရရှိတာကြောင့် ဆပ်ပြာတစ်ဘူး ၃ထောင်ကျပ်၊ ဓာတ်ခဲတစ်စုံကို ၂ထောင်ကျပ်ပေးရတဲ့အခါ တခြားဝယ်ဖို့လိုအပ်တဲ့ ကုန်ခြောက်အတွက် ထပ်မံစုဆောင်းပြီး ဝယ်ရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဖရူဆိုမြို့နယ်ကို စစ်ရှောင်တာ တစ်နှစ်ကျော်ရှိနေပြီး အလှူရှင်လည်းပုံမှန်မရှိသလို ဝင်ငွေလည်းမရှိတဲ့အတွက် စားဝတ်နေရေးပိုမိုခက်ခဲတယ်လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
“စစ်ရှောင်လာတာ တစ်နှစ်နဲ့ တစ်လရှိပြီ။ ခုနောက်ပိုင်း တစ်လကို စစ်ဘေးရှောင်တစ်ဦးကို ဆန် ၃ ပြည် ပေးတယ်၊ နှစ်ပတ်လောက်စားရင် ကုန်သွားတယ်၊ ဝင်ငွေမရှိတော့ ပိုခက်ခဲတယ်”လို့ သူမက ပြောပါတယ်။
ငွေကျပ်တစ်သောင်းရှိလျှင် ကော်ဖီမစ်အထုပ်ကြီးတစ်ထုပ်၊ ပေါင်မုန့် လေးထုပ် သာရရှိပြီး ငွေကြေးမတတ်နိုင်တဲ့စစ်ရှောင်တွေ ဒေသခံတွေအတွက် ဝယ်မစားနိုင်တဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ကော်မတီအနေနဲ့ တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဆန်၊ ရိက္ခာခြောက်ထုတ်ပေးနိုင်ပြီး ရေရှည်အတွက် စိုးရိမ်ပူပန်မှုရှိတယ်လို့ ဆိုကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ၆ထောင်ကျော်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် တောင်ယာ လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိကြသလို အလှူရှင်ကိုသာ မှီခိုအားထားနေရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။