ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့ရဲ့ မနက်ခင်း ၆ နာရီကစလို့ “ဟင်းသီးဟင်းရွက်တွေရမယ်” “ပဲပြုတ်ရမယ်” ဆိုတဲ့ အသံရှင် ကုန်စိမ်းသည်နဲ့ ပဲပြုပ်သည် တွေ အသံစာစာတွေကို ကြားနေရပါပြီ။
အဲဒီလို မနက်စောစော လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တွေထဲ ဒီလိုဈေးပတ်ရောင်းနေတဲ့ သူတွေထဲမှာ မငြိမ်းတစ်ယောက် ပါဝင်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ သူမကတော့ ၁ နှစ် ၂ လ သားလေးရဲ့ မိခင်တစ်ဦးပါ။
မငြိမ်းဟာ ဒီလိုမနက်ခင်းတိုင်းမှာ ရပ်ကွက်ထဲဈေးလိုက်ရောင်းနိုင်ဖို့ မနက် (၃) ကတည်းက ထရပြီး ကိုယ်လက်သန့်စင်မျက်နာသစ်၊ ပြီးတာနဲ့ လွိုင်ကော်မြို့မှာရှိတဲ့ သီရိမင်္ဂလာဈေးကို အိမ်ကနေ ၃ နာရီခွဲမှာ စထွက်ရပါတော့တယ်။ ဈေးရောက်ပြီဆိုတာနဲ့ ကုန်စိမ်းတွေ ဝယ်ခြမ်း၊ တဆင့်ပြန်ရောင်းဖို့ ဟင်းသီးဟင်းရွက်တွေကို ပြန်လည်ထုပ်ပိုးပြီး ဆိုင်ကယ်ခြင်းတောင်းပေါ်မှာ စနစ်တကျ ပြန်လည် နေရာချပေးပြီးတာနဲ့ ရပ်ကွက်ထဲစထွက်တဲ့အချိန်က မနက် ၆ နာရီထိုးသွားပါပြီ။
ဒီလိုနေ့စဉ်ဈေးထွက်ရောင်းတာဟာ မငြိမ်းအတွက် လက်ရှိအချိန်ထိဆိုရင် တစ်လကျော်လောက်ပဲ ရှိနေပါသေးတယ်။ သူမ ဒီအလုပ်ကို မလုပ်ခင်မှာတော့ လွိုင်ကော်မြို့ပေါ် ကုမ္ပဏီတစ်ခုမှာ အရောင်းစာရေးမ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မငြိမ်းတယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း ကုမ္ပဏီကို အလုပ်ပြန်ဝင်ဖို့ မလွယ်ကူတာကြောင့်အပြင် အလုပ်အကိုင် ရှားပါးတာကြောင့် အခုလို ဈေးထွက်ရောင်းတဲ့ အလုပ်ကို ရွှေးချယ်ခဲ့ရပါတယ်။
တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်း တွေဟာလည်း မငြိမ်းတို့လို အခြေခံလူတန်းစားတွေအတွက် ပိုခက်ခဲသလို တစ်ဆင့်ဈေးဝယ်ပြီး ပြန်ရောင်းရတာကြောင့် ပိုအခက်တွေ့ရပါတယ်။
“အခြေအနေက ဒီနေ့ရတဲ့ အမြတ်က မနက်ဖြန်အတွက်အရင်းဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ဈေးနှုန်းက တအားတက်နေတော့ ပြီးတော့ အရွက်တွေလည်း တအားဈေးတက်နေတဲ့အခါ ကျတော့ ရောင်းပြီးတော့ ဆီဖိုးတွေဆိုတော့လည်း အဲကနေစိုက်ရသလိုဖြစ်နေတယ်” လို့ မငြိမ်းက ပြောပါတယ်။
ကုန်စိမ်းတွေကို လိုက်ရောင်းတဲ့အခါ အရောင်းသွက်တဲ့နေ့တွေရှိပေမယ့် ရောင်းစရာနေရာ မရှိတော့တဲ့အခါ စိတ်ညစ်ရဆုံးဖြစ်တယ်လို့ မငြိမ်းတယောက် ညဉ်းနေမိပါတယ်။
မှတ်မိသလောက်ပြောရရင် အာဏာမသိမ်းခင် ကာလတွေမှာ မနက်ခင်းစျေးသည်တွေ အထိုက်အလျောက် ရှိပေမဲ့ အာဏာသိမ်းကာလ အပြီး ၂ နှစ်အကြာမှာ ပိုများလာတာကိုသတိထားမိပါတယ်။
မငြိမ်းလိုပဲ အဏာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝမ်းရေးအတွက် စျေးရောင်းနေရသူတွေ အများကြီးရှိပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာဆိုလို့ စစ်ကောင်စီတွေ ထိန်းချုပ်ထားတဲ့ မြို့တော် လွိုင်ကော်တခုထဲသာကျန်ပါတယ်။ တခြားမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ပွဲလွတ်ကင်းနိုင်တဲ့ လွိုင်ကော်မြို့ကို ရွေ့ပြောင်းလာသူ စစ်ရှောင်အရေအတွက်က သောင်းနဲ့ ချီပြီးရှိနိုင်ပါတယ်။
အဲဒီလို စစ်ရှောင်လာကြရင်းနဲ့ စစ်ရှောင်တွေ စားဝတ်နေရေးအတွက် ကြုံရာ အလုပ်အကိုင်တွေကို ရှာဖွေလုပ်ကိုင်နေကြရတာပါ။ ဒါကြောင့် လွိုင်ကော်မြို့လိုနေရာမှာ မနက်ခင်းစျေးသည်တွေပိုများလာပြီး စျေးသည်အချင်းချင်း စျေးရောင်းတဲ့ နေရာတွေထပ်နေပြီး အရောင်းမသွက်ဘူးလို့ မငြိမ်းကပြောပါတယ်။
“ ရောင်းရခက်တာပေါ့ ဒီမှာက။ ဒီကလွိုင်ကော်မှာဆိုလည်း စစ်ရှောင်တွေ အများကြီးရောက်လာတယ်။ သူတို့တွေ အကုန်လုံးကလည်း အလုပ်တွေလည်း မရှိ။ အဲတော့ တချို့လူတွေကလည်း ကုန်ဈေးတွေကလည်း ကုန်စိမ်းတွေ ထွက်ရောင်းကြတယ်ဆိုတော့ ကုန်စိမ်းသည် အချင်းချင်းပဲ မြို့ထဲမှာ လည်ပတ်နေသလို ဖြစ်နေတာ အဲလိုမျိုး” လို့ မငြိမ်းက ပြောပါတယ်။
လွိုင်ကော်မြို့ပြင်ထွက်ရောင်းဖို့အတွက်လည်း မငြိမ်းတို့လို အမျိုးသမီးဈေးသည်တွေအတွက်တော့ လုံခြုံရေးအပါအဝင် အစစအရာရာအတွက် စိုးရိမ်ရပြန်ပါတယ်။
မငြိမ်းကတော့ လွိုင်ကော်မြို့တွင်းက ရပ်ကွက်တွင်းမှာပဲ ရသလောက် “ ဖူလုံတယ်လို့တော့ ပြောလို့ဘယ်ရမတုန်း မငတ်ရုံတမယ်ပဲပေါ့” လို့ ဆိုပြီး ကလေးငယ်ကို မိခင်ဖြစ်သူနဲ့ ချန်ထားကာ မနက်တပိုင်း ဈေးထွက်ရောင်းကာ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေဟာ လက်ရှိအချိန်အထိ မြင့်တက်နေသေးသလို စျေးနှုန်းပြန်ကျသွားတာ မရှိတဲ့အပြင် သာမန် လက်လုပ်လက်စားတွေအတွက် အခြေခံ လစာတွေ နဲ့ ဝန်ထမ်းလစာတွေ က လွန်ခဲ့တဲ့ ၆ နှစ်က အတိုင်း မပြောင်းမလဲမရှိတာကြောင့် အခြေခံလူတန်းစားတွေ ပိုခက်ခဲစေ တယ်လို့ ပြောလာသူကတော့ လွိုင်ကော်မြို့က ကုန်စုံဆိုင်မှာ လုပ်ကိုင်ခဲ့ဖူး တဲ့ မခိုင် (အမည်လွဲ) ပါ။
သူမကတော့ ဝင်ငွေ အသင့်အသင့်ရရှိတဲ့ လုပ်ငန်းတခုမှာ လုပ်ကိုင်နေရသူပါ။ ဒါပေမဲ့ သူမလိုပဲ တခြားဒေသခံ လူငယ်အများစုကတော့ အခြေခံလစာကို အနည်းငယ်သာရရှိတာကြောင့် နိုင်ငံခြားနဲ့ မြို့ကြီးတွေမှာသာ သွားရောက်လုပ်ကိုင် ကြရတာများတယ်လို့ ဆိုပါတယ်။
“ ကျမကုန်စုံဆိုင်မှာ အလုပ်လုပ်တုန်းကဆို ကျမ တစ်လကို ၉၀၀၀၀ ရတယ်။ အခုကလေးတွေ ဆိုရင်လည်း ဒီကြားထဲမှာ ၅ နှစ် ၆ နှစ်တောင် ကွာသွားပြီလေးနော်။ အဲဒါ သူတို့ အခြေခံလစာက ၈၀၀၀၀, ၉၀၀၀၀ အဲကနေပဲ ရတာရှိတာပေါ့။ အဲတော့ လုံးဝအဆင်မပြေဘူးလေ။” လို့ မခိုင် (အမည်လွဲ)က ပြောပါတယ်။
ဒါတွေအပြင် လွိုင်ကော်မြို့ပေါ်မှာ လူငယ်နဲ့ လူလတ်ပိုင်းတွေအတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ဖို့ အတွက် အခြေအနေတွေမရှိပါဘူး။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတာကြောင့် အကြပ်အတည်းနဲ့ ပိုကြုံတွေ့ရတယ်လို့ မခိုင် (အမည်လွဲ) က ဆက်ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အလုပ်လုပ်နေဆဲ ဝန်ထမ်းတစ်ဦးကတော့ အခြေခံဝန်ထမ်းတစ်ဦးရဲ့ လစာဟာ ဆန်တစ်အိတ်ဖိုးနဲ့ပဲ ကုန်သွားတယ်လို့ ဆိုပါတယ်။
“ဘဲဥကြက်ဥတွေလည်း ဈေးတက်တယ်၊ ကြက်ဥတလုံးကို ၃၅၀ ကျပ် လောက်ရှိတယ်။ ပြောရရင်တော့ လက်လုပ်လက်စားသမားတွေကော၊ လခစား ဝန်ထမ်းတွေလည်း တော်တော်များများ ဒုက္ခရောက်ကြတာပေါ့။ အခုလခစားတွေက မြန်မာနိုင်ငံမှာပေးနေတာက အနှိမ့်ဆုံး လစာက ၁၆၀၀၀၀ သူ့ထက် တဆင့် မြှင့်တာက ၁၈၀၀၀၀ အခုစားနေတဲ့ ဆန်တစ်အိတ်ကိုတောင်မှာ ၁၆၅၀၀၀ ဆိုလို့ရှိရင် စဉ်းစားကြည့်ရင် တော်တော်လေး ကြပ်တည်းတာပေါ့။ ရတဲ့ လစာက အနှိမ့်ဆုံး လစာက စာတအိတ်စာလောက်တောင် မရှိဘူး အဲလို ဖြစ်သွားတာပေါ့” လို့ အဆိုပါ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိလွိုင်ကော်ြမို့ပေါ်မှာ ဆန်တစ်အိတ်ကို အနည်းဆုံး ၈၀၀၀၀ ကျပ်ကနေ အများဆုံး ၁၆၅၀၀၀ ကျပ် အထိ ရှိနေပြီး တခြားသော အခြေခံစားသောက်ကုန်တွေဟာလည်း တနေ့ကို ၈၀၀ကျပ် မှ ၉၀၀ကျပ် အထိ ခုန်တက်သွားတဲ့ ကုန်ပစ္စည်းတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ သိသိသာသာ တက်လာသလို ငွေးကြေးဖောင်းပွမှုဒဏ် ကိုလည်း ခါးသီးစွာခံစားရပြီး ဝမ်းစာအတွက် ရှာစားရတာ မလွယ်ကူတော့ဘူးလို့ မငြိမ်း က ပြောပါတယ်။
“တော်တော်လေး ဆိုးရွားလာတယ် ပြောရမှာပေါ့နော်။ အလုပ်အကိုင်တွေလည်း တအားရှားပါးလာတယ်။ ရှာဖွေစားသောက်ရတာလည်း ခက်ခဲလာတယ်။ လူတွေလည်း စိတ်ဓာတ်တွေ လည်းကျလာတာပေါ့။ ရတဲ့အလုပ်လေးကို မြန်မြန်ဆွဲရမ်းလုပ်ရတာပေါ့၊ တော်တော်လေးတော့ မကောင်းဘူးလို့ ပြောရမှာပေါ့။ အရင်ကထက်စာရင် အများကြီးဆိုးဝါးသွားတယ်ပေါ့” လို့ မငြိမ်းက ပြောပါတယ်။
ဒါတွေအပြင် အဖက်ဖက်မှယိုယွင်းသွားတဲ့ ပညာရေး၊ ကျန်းမာရေး ၊စီးပွားရေး ၊ အုပ်ချုပ်ရေး စတာတွေအတွက် သူမရင်သွေးငယ်ရဲ့ အနာဂတ် များစွာ ရင်လေးမိတယ် လို့ မငြိမ်းက ပြောဆိုသွားပါတယ်။
“ ဒီလိုမျိုးကြီးဖြစ်ပျက်နေတာကိုတော့ မြန်မြန်ပြီးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ကိုင်စားသောက်ရတာလည်း အရမ်းခက်ခဲတယ်။ ပြီးတော့ ကိုယ့်မှာကလေ အခုမှ နုနုထုထု ရင်သွေးငယ်လေးလည်းရှိတော့ သူ့ရဲ့ ရှေ့ရေးလေးလည်း တွေးပြီးတော့စိတ်ပူမိတယ်ပေါ့နော်”