ကန္တာရဝတီတိုင်း (မ်)
ရန်ပုံငွေအခက်အခဲကြောင့် မြန်မာနိုင်ငံတွင်း အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ ဆက်လက်ပေးဝေနိုင်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ထိခိုက်လွယ်သူအုပ်စုကိုတော့ ဆက်လက်ထောက်ပံ့သွားမယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာဌာနေရုံး ပြန်ကြားရေးတာဝန်ခံက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ဝမ်းရေးအခက်ကြုံနေကြတဲ့ လူဦးရေ ၁၅ သန်းရှိတဲ့ အထဲမှာမှ စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်အခြေနေအထိ ရင်ဆိုင်နေကြရသူတွေကို ဦးစားပေးရွေးချယ်ပြီး ကူညီသွားမှာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ အထူးထိခိုက်လွယ်သူတွေဖြစ်တဲ့ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းတွေလည်းပါဝင်ပါတယ်”လို့ WFP မြန်မာနိုင်ငံဆိုင်ရာဌာနေရုံး ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လာမယ့် ဧပြီလ ကစလို့ မြန်မာနိုင်ငံအတွင်း အရေးပေါ်လူမှုအကူအညီတွေကို ရပ်ဆိုင်းရတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ WFP က ထုတ်ပြန်ထားခဲ့တာပါ။
ဒါပေမယ့် နှစ်တစ်နှစ်ရဲ့ စားနပ်ရိက္ခာအလိုအပ်ဆုံးအချိန်ဖြစ်တဲ့ ဇူလိုင်လ ကနေ စက်တင်ဘာလ အထိကိုတော့ လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) အတွက် အရေးပေါ်ထောက်ပံ့ပေးမယ်လို့ပြောပါတယ်။
ထိခိုက်လွယ်သူအုပ်စုအပြင် စားနပ်ရိက္ခာလိုအပ်ချက်အမြင့်မားဆုံးဖြစ်တဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ဦးစားပေးသွားမှာဖြစ်ပြီး ရပ်ရွာလူထုနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီး ရွေးချယ်သွားမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။
WFP ကမြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ ၁သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အခုလို ကူညီမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် စားနပ်ရိက္ခာရရှိဖို့ အတွက် WFP ကို မှီခိုနေရတဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူ တစ်သိန်းကို အဓိက ထိခိုက်မယ်လို့လည်း ပြောပါတယ်။
“ဧပြီလမှာ ရပ်ဆိုင်းလိုက်ရမယ့် အကူအညီတွေကို အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ဖို့လည်း နိုင်ငံတကာအလှူရှင် အစိုးရတွေကို ဆော်သြနေပြီးတော့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေ တိုးမြှင့်ရရှိဖို့ အရေး အစွမ်းကုန်ကြိုးစားနေပါတယ်” လို့ WFP မြန်မာနိုင်ငံဆိုင်ရာဌာနေရုံး ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ တနေ့တာ စားနပ်ရိက္ခာ လိုအပ်ချက် မပြည့်မီနိုင်တဲ့အရေးနဲ့ ကြုံနေကြရပြီး အဲ့ဒီထဲမှာ လူဦးရေ ၂ ဒသမ ၃ သန်းလောက်ကဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ WFP က ပြောဆိုထားပါတယ်။