ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေသဖြစ်တဲ့ ကယောမျိုးနွယ်စုတွေ အများစုနေထိုင်ရာ ဒေသ ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်တဲ့အလျောက် ကျန်းမာရေး နဲ့ ပါတ်သက်တဲ့ အသိပညာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်မှာ ဆေးကုသမှု အတွက် သွားရောက်ခဲ့တဲ့ ကျန်းမာရေး ဆရာမတစ်ဦး ရဲ့ အဆိုအရ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ယိုစူပရားနဲ့ ခရိုးခူကျေးရွာမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာရရှိမှု နည်းနေကြသလို ဖျားနာရင်လည်း အိမ်သုံးဆေးဝါးတွေတောင် သုံးစွဲဖို့မရှိပဲ ရောဂါပြင်းထန်ရင်တော့ နှစ်နာရီကျော်လောက် ကားနဲ့သွားရတဲ့ ဟိုယာက ဆေးရုံကိုသာ သွားကြပါတယ်။
“အချိန်တန်ရင် သူ့ဟာသူပျောက်သွားမယ် ဆိုပြီးတော့ သူတို့နေတာများတယ်။ ပြီးလို့ရှိရင် အရမ်းကြီး ပြင်းပြင်းထန်ထန်ဖြစ်နေလည်း သွားနိုင်လို့ရှိရင်တော့ နည်းနည်းပါးပါး ကားကြုံတွေရှိလို့ရှိရင်တော့ ဆေးခန်းသွားပို့ပေးလိုက်တယ်။ တကယ်လို့ ဆေးခန်းမရှိဘူး။ ကားကြုံမရှိဘူးဆိုရင် ဒီအတိုင်းပဲ သူတို့နေပြီးတော့ ကံမကောင်းလို့ သူတို့ ဆုံးသွားရင်လည်း ဒီတိုင်း ဆုံးသွားတယ်။ ကံကောင်းလို့ ပြန်သက်သာလာရင်လည်း ပြန်သက်သာလာတယ်။ အဲဒီလိုမျိုး အခြေအနေတော့ ရှိတယ်ပေါ့နော။” လို့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။
ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေဖြစ်တဲ့အတွက် အာဏာမသိမ်းခင်မှာဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အနည်းငယ်ရရှိသေးတယ်လို့ ဆိုပါတယ်။ လက်ရှိ ကာလမှာဆိုရင် ကျေးလက်ကျန်းမာရေးဌာနခွဲတွေ မရှိတော့သလို နယ်လှည့်ကျန်းမာရေး ဆရာမတွေကလည်း အဲဒီဒေသကို သွားလာဖို့ လမ်းခရီး ခက်ခဲတာတွေလည်းရှိနေတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေမှာ မူလတန်းကျောင်းလောက်ပဲ ရှိပြီး ကယောလူမျိုးတွေနေထိုင်ကြတဲ့ ဒေသဖြစ်ပါတယ်။ ဘာသာစကားပြောဆိုမှုပိုင်းမှာလည်း အခက်ခဲရှိနေပြီး လူနာ ၁၀၀ဦးမှာ ၉၀လောက်က ဗမာစကား မတတ်တဲ့အတွက် ဘာသာပြန်နဲ့စကားပြောနေရတယ်လို့ သွားရောက်ဆေးကုသပေးခဲ့တဲ့ ဆရာမက ဆိုပါတယ်။
ကျေးလက်တောရွာဖြစ်တဲ့အတွက် ကျေးရွာသန့်ရှင်းမှုအပိုင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအပိုင်းမှာ လိုအပ်ချက်အများကြီးရှိနေသေးတယ်လို့ သွားရောက်ဆေးကုသခဲ့တဲ့ ဆရာမက ဆိုပါတယ်။
“ သူတို့ကျေးရွာကိုကြည့်မယ်ဆိုရင်တော့ စည်းလုံးမှုတော့ရှိတယ်။ ဘာသာတရား ကိုင်းရှိုင်းတာတော့ရှိတယ်။ ဒါပေမယ့် သန့်ရှင်းမှုမှာခါကျတော့ အရမ်းကြီးဆိုးဝါးနေတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲ့မှာ အိမ်က တစ်အိမ်နဲ့ တစ်အိမ် ဆိုရင် ခြံစည်းရိုးက မရှိဘူး။ နွားတွေ မွေးထားတယ်။ နွားတွေခါကျတော့ အိမ်ထဲထိနွားချေးတွေကရှိတယ်ပေါ့နော အဲ့လိုမျိုး ရှိတယ်။ … အရေပြားနဲ့ ပတ်သက်တဲ့ ယားယံတွေ ၁၀ယောက်ထဲမှာဆိုရင် ၃၊ ၄ယောက်လောက် ကတော့ အဲ့ဒီအယားတွေက ထွက်ပြီးသားပဲပေါ့နော။ အဲ့လိုမျိုးရှိတယ် ပြီးလို့ရှိရင် လမ်းပေါ်မှာ ညစ်ညစ်ပတ်ပတ် နွားချေးတွေ အပြည့်ပဲ ကလေးတွေဆို ဖိနပ်မစီးပဲ သွားတယ်။” လို့ သူက ဆိုပါတယ်။
ကျန်းမာရေးဗဟုသုတ ရရှိမှုပိုင်းလည်း အားနည်းနေပြီး တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့အတွက် ၁၀နှစ်အောက်ကလေးငယ်မှာဆိုရင် နား မှာ အပြည်ထွက်တာ လေး၊ ငါးယောက်လောက်က ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေမှာဆိုရင်လည်း ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်မှုလည်း မရှိနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။
ဒါ့အပြင် မိသားစု တစ်စုမှာဆိုရင် ကလေး ၁၀ယောက် အထိ ရှိတာများသလို မေးမြန်းကြည့်ချက်အရ မိခင်တွေဟာ တားဆေး မရှိတာတွေ၊ တားဆေးထိုးနှံဖို့ ခက်ခဲတာတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ကလေးငယ်တွေဆိုရင်လည်း မွေးကင်းစ ကနေ ၆လသားအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရမှာ ဖြစ်ပေမယ့် မိခင်တွေက မသိတဲ့အတွက် ရက်သားလောက်ကတည်းက ကလေးငယ်တွေကို ထမင်းကျွေးတာတွေ ရှိနေတယ်လို့ ဆရာမက ပြောပြပါတယ်။
“ သူတို့ကိုမေးကြည့်တော့ တစ်ယောက်လာလည်း ကလေး တစ်လပဲရှိသေးတယ်။ ထမင်းကျွေးနေပြီ။ အဲလိုမျိုး အဲဒီအစ်မတစ်ယောက်ဆိုရင် သူဖြေတယ်။သူ့ကလေးဆို ပိုဆိုးသေးတယ်။ သုံးရက်သားပဲရှိသေးတယ်။ ကလေးကို ထမင်းကျွေးပြီပြောတယ်။ အဲလိုမကျွေးရဘူး။ ကလေး ၆ လပြည့်မှ ပဲ ထမင်းကျွေးရမယ်။ သူ့ကိုပြောတော့ ကျမဒီလိုပဲ တစ်သက်လုံး လုပ်လာခဲ့ရတာပေါ့နော။ သူတို့ အဲလိုဖြေတာများတယ်။”
အဲဒီဒေသကို သွားရောက်ဆေးကုသမှုပေးခဲ့တဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ အဆိုအရ လူနာတွေထဲမှာဆိုရင် အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါ၊ သွေးအားနည်းတဲ့ ရောဂါ စတဲ့ ရောဂါ (၃) မျိုးကို အများအားဖြင့် ခံစားနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ကရင်နီမှာဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ရှောင်တွေလည်း ရှိနေပြီး ကရင်နီလူထုတွေအနေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိဖို့ နည်းနေသေးတဲ့ အခြေအနေမှာရှိနေ တာဖြစ်ပါတယ်။
ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ယိုစူပရားရွာမှာဆိုရင် အိမ်ခြေ ၈၅ အိမ်ရှိပြီး လူဦးရေ လေးရာနဲ့ ငါးရာကြားမှာ ရှိပါတယ်။ ခရိူးခူကျေးရွာမှာတော့ အိမ်ခြေ ၈၀နဲ့ ၉၀ ကြားရှိပြီး လူဦးရေ ငါးရာ နဲ့ အထက်ရှိနေတာဖြစ်ပါတယ်။